ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ပတ်သက်တဲ့ သက်သေတွေကို ဆက်တင်ဖို့ တရားရုံး အမိန့်ချ
2021.06.29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို ဇွန်လ ၂၉ ရက် ဒီနေ့မှာ လည်း ရုံးချိန်းဒုတိယရက်အဖြစ် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့် အထူးတရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ စာရွက်စာတမ်း သက်သေကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ကန့်ကွက်ထားပေမယ့် ဇွန်လ ၂၉ ရက် ဒီကနေ့မှာ နေပြည်တော်အထူးတရားရုံးက ပယ်ချလိုက်ပြီး အဲဒီသက်သေကို တင်သင့်တယ်လို့ ကြားဖြတ်အမိန့် ချလိုက်ပါတယ်။
အခုလို ချမှတ်လိုက်တဲ့အပေါ် စွပ်စွဲခံရသူရဲ့ အခွင့်အရေးအရ အဆင့်မြင့်တရားကို ဆက်လက် တင်ပြဖို့ ပြင်ဆင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
"တရားရုံးတော်ကနေပြီးတော့မှ တရားလိုဘက်က သက်သေခံအဖြစ် တင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၇ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ စာကို သက်သေခံ (က) အဖြစ်နဲ့သော်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၃ ရက် ၂ လ ၂၀၂၁ ရက်စွဲပါ ကြေညာချက် ၆/၀၂/၂၀၂၁ ကို သက်သေခံ (ခ)အဖြစ် သော်လည်းကောင်း နှစ်ခုစလုံးကို သက်သေခံအဖြစ် တင်သွင်းခြင်းကို လက်ခံခဲ့ပါတယ်။ စွပ်စွဲခံရသူရဲ့ ရှေ့နေဘက်က လျှောက်ထားတာကတော့ ဒီသက်သေခံအဖြစ် လက်ခံလိုက်တဲ့ စာရွက်စာတမ်းနှစ်ခုဟာ ဒီအမှုရဲ့ အဓိကကျတဲ့ စာရွက်စာတမ်းတွေ ဖြစ်တာကြောင့် တရားရုံးကနေ အခုချမှတ်လိုက်တဲ့အမိန့်ကို စွပ်စွဲခံရသူရဲ့ အခွင့်အရေးအရ အဆင့်မြင့်တရားရုံးကို ပြင်ဆင်မှု တက်ရောက်လိုတယ် ဆိုပြီးတော့ သင့်တော်တဲ့ အမိန့်ချမှတ်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ရုံးချိန်းကတော့ ကျွန်မတို့က ပြင်ဆင်မှု တက်မယ်ဆိုတော့ ထုံးစံကတော့ အမှုတွေက အင်္ဂါနေ့မှာ စစ်တဲ့အမှုဆိုတော့ အင်္ဂါနေ့ကို ရုံးချိန်းပေးပါတယ်ရှင့်။"
စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ သက်သေခံ စာရွက်နှစ်စောင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ထုတ် အကြောင်းကြား စာနဲ့ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တွေ ဖြစ်ပါတယ်။
အဲဒီ စာရွက်စာတမ်းတွေမှာ စာထုတ်သူဟာ ဗဟိုအလုပ်အမှုဆောင်လို့ပဲပါပြီး လက်မှတ်ရေးထိုးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်မဟုတ်သလို မည်သူမည်ဝါဆိုတာလည်း မပါတာကြောင့် သက်သေခံအဖြစ် မတင်ဖို့ ဒေါအောင်ဆန်းစုကြည် တို့ဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ခဲ့တာလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
"အခုချမှတ်လိုက်တဲ့အမိန့်ကို စွပ်စွဲခံရသူရဲ့ အခွင့်အရေးအရ အဆင့်မြင့်တရားရုံးကို ပြင်ဆင်မှု တက်ရောက်လိုတယ် ဆိုပြီးတော့ သင့်တော်တဲ့ အမိန့်ချမှတ်ပေးဖို့ တရားရုံးတော်ကို လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။"
ဒီနေ့ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပြီး ပြည်သူတွေကို စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်နေကြဖို့ မှာတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။
အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးနိုင်ဖို့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပေမယ့် နှစ်ဖက်လျှောက်လဲချက်တွေ အပါအဝင် အခုလိုကြားဖြတ် အမိန့်တွေ၊ ပြင်ဆင်ချက်တွေကြောင့် တရားလိုပြသက်သေကို တောင်စစ်ဆေးလို့ မပြီးသေးတဲ့ အနေအထား ဖြစ်ပါတယ်။
အမှုစွဲချက် တင်သင့်၊ မတင်သင့် အဆင့်ကိုမရောက်ခင် တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေထဲကမှ ပထမဆုံး အဆင့်ဖြစ်တဲ့ တရားလိုပြသက်သေတွေ စစ်ဆေးနေတဲ့အဆင့်မှာပဲ ရှိနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
"ပြီးနိုင်လားဆိုတော့လေ အခုအနေအထားတောင်မှ အမှန်တကယ်ဆို ကျွန်မတို့က တရားလိုကို စစ်ဆေးဖို့ အပိုင်းကို ဒီ ၂၈၊ ၂၉ ဒီနေ့ရုံးချိန်းနဲ့ မနေ့က ရုံးချိန်းမှာ အပြီးစစ်ဖို့ ပြောတာပဲလေ။ ဒါအခု ကျန်နေသေး တယ်ဆိုတော့ လက်တွေ့လည်း ဒီလိုပုံစံပဲ ရှိပါတယ်ရှင့်။ ကျွန်မတို့က ဘာဖြစ်လို့လဲဆိုတော့ ကြားထဲမှာ ထပ်ပြီးကြာသွားတာက အမိန့်အတွက် လျှောက်လဲချက် ပေးတာတွေ အဲလျှောက်လဲချက်အပေါ်မှာ အမိန့် ချတာတွေကတော့ တရားရုံးမှာ လုပ်ရိုးလုပ်စဉ်ပေါ့နော် သွားနေကျ ထုံးစံအတိုင်းဆိုတော့ အခုက တရားလို ကို စစ်တဲ့အပိုင်းကို မပြီးသေးဘူး။ ထုံးစံကတော့ တရားလိုကိုစစ်မယ်၊ တရားလိုပြသက်သေတွေကို စစ်မယ်၊ ပြီးတော့ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ကြားနာမယ်။ လျှောက်လဲချက် ကြားနာ ပြီးရင် စွဲချက်တင်၊ မတင် အမိန့်ချမယ်။ ပြီးရင် စွပ်စွဲခံရသူကိုစစ်မယ်၊ စွပ်စွဲခံရသူရဲ့ သက်သေတွေပေါ့ နော် တရားခံပြ သက်သေတွေကို စစ်မယ်။ စစ်ပြီးတော့မှ အမိန့်တွေ ဘာတွေလာတဲ့အတိုင်းအတာမှာ အခုက တရားလိုပြ သက်သေတွေစစ်တဲ့ အဆင့်မှာ မပြီးသေးဘူးလို့ ပြောလို့ရတာပေါ့နော်။"
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာလည်း မျက်မြင်သက်သေ နှစ်ဒါဇင်နီးပါးကို ခေါ်ယူဖို့ ရှိနေတာကြောင့် အမှု စစ်ဆေးမှုဟာ စီစဉ်ထားတာထက် အချိန်ပိုကြာလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော် က AFP သတင်းကို မနေ့က ပြောထားပါတယ်။
ဒီကနေ့ တတိယမြောက်ရုံးချိန်း ဒုတိယမြောက်နေ့မှာ ကြားဖြတ်အမိန့်ချပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အထဲက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၅) အတွက် တရားလိုပြသက်သေ ဇဗ္ဗူသီရိမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးအောင်ဇော်မင်းနဲ့ ပျဉ်းမနားမြို့နယ် ရွာကောက် နယ်မြေရဲစခန်းက ရဲအုပ်နေကျော်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ပုဒ်မ ၇ ခုနဲ့ စွဲချက်တင်ထားပြီး တရားရုံးကနေ အဲဒီ ပုဒ်မ အားလုံး အတွက် အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်သက်တစ်ကျွန်းအပြင် ထောင်ဒဏ် နှစ် ၄၀ နီးပါး ပူးပေါင်းကျခံရနိုင်ပါတယ်။