ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် စီရင်ချက်ချနိုင်ဖွယ်ရှိ

အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို မနက်ဖြန် အင်္ဂါနေ့မှာ ကြုံရနိုင်ဖွယ်ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထား ပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မ - ၅၀၅ (ခ) နဲ့ စွဲချက်တင်ထားတဲ့အမှုကို မနက်ဖြန် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ စီရင်ချက်ချဖို့ တရားရုံးက စီစဉ်ထားတာလို့ ရှေ့နေအသိုင်းအဝန်းက ပြောပါတယ်။ မနက်ဖြန် စီရင်ချက်ချတဲ့အခါ ပြစ်မှုကျူးလွန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် သုံးနှစ်အထိ ချခံရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှုက ၁၁ ခု ရှိနေပြီး ဒီအမှုတွေ အကုန်လုံးကို ပြစ်ဒဏ်ပေးမယ်ဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီး ထောင်ဒဏ်ကျခံရမယ့်သဘောရှိပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ကို မြန်မာ့နိုင်ငံရေးမှာ လုံးဝပါလို့ မရနိုင်တော့ အောင် ဖယ်ရှားပစ်ဖို့ ရည်ရွယ်ပြီးလုပ်နေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီမှာ ဘယ်လိုအစီအစဉ်ရှိသလဲ ဆိုတာကို တော့ မသိသေးပါဘူး။ စီရင်ချက်ချမယ့်ကိစ္စကိုလည်း အာဏာပိုင်တွေက အချိန်ရွှေ့ဆိုင်းနိုင်ပါတယ်။
မြန်မာ့အရေးလေ့လာသူတစ်ဦးဖြစ်တဲ့ David Mathieson ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကျခံရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ထဲက တခြားအမျိုးသမီးအကျဉ်းသားတွေနဲ့ အတူထားမှာလား၊ အထူး သီးသန့်ဖမ်းဆီးထားမှာလား ဆိုတာကတော့ မေးစရာပဲလို့ ဆိုပါတယ်။