ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရေး ကြိုးပမ်းဖို့ NLD ဆုံးဖြတ်
2023.07.29
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဇူလိုင်လ ၂၉ ရက်မှာ ဗဟိုကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် အချက်ခုနစ်ချက်ကို ဆုံးဖြတ်ခဲ့တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့ မရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ကြိုးပမ်းဖို့၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုရှိရှိ ပူးပေါင်းနိုင်ဖို့အတွက် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကိုကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီ့အပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ထူထောင်နိုင်ရေး အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို၊့ ဗဟိုအလုပ်ကော်မတီကို အင်အားတိုးချဲ့ဖို့၊ အစည်းအဝေးမှတ်တမ်းတင်ဖို့နဲ့ ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ နေရာမှာ ပါတီလူထုတစ်ရပ်လုံးက အင်အားဖြည့်ပါဝင်ဖို့ စတဲ့အချက်တွေလည်း ပါဝင်တယ်လို့ ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
ဒီအစည်းအဝေးကို အွန်လိုင်းက တစ်ဆင့်ပြုလုပ်ခဲ့ပြီး NLD သဘာပတိအဖွဲ့ဝင် ဦးမန်းဂျော်နီအပါအဝင် ဗဟိုကော်မတီဝင်၊ အရန်ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလုပ်အမှုဆောင် အပါအဝင် စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတပ်က အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ထိ ချမှတ်ထားပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်တစ်အိမ်ကို ပြောင်းရွှေ့ထားကြောင်း NLD ပါတီက ဇူလိုင်လ ၂၈ ရက်နေ့က RFA ကို အတည်ပြုထားပါတယ်။