ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ဆု ပြန်ရုပ်သိမ်းရေး ကနေဒါ ဆွေးနွေးဖွယ်ရှိ
2018.09.26

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၇ ခုက ချီးမြှင့်အပ်နှင်းထားတဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပြန်ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးအတွက် အမတ်တွေ အချေအတင်ဆွေးနွေးဖို့ လမ်းဖွင့် ထားတယ်လို့ ဝန်ကြီးချုပ် Justin Trudeau က မနေ့က ပြောကြားလိုက်ပါတယ်။
ဒီဆု ပြန်ရုပ်သိမ်းဖို့ ကနေဒါ အစိုးရ ဖိအားပေးခံနေရပေမယ့် ဒီလိုရုပ်သိမ်းဖို့ သုံးသပ်စဉ်းစားနေလား၊ မစဉ်းစားဘူးလားဆိုတာကို ပြောကြားဖို့ ငြင်းဆန်ထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတင်းထောက်တွေက မေးမြန်းချိန်မှာ ရုပ်သိမ်း၊ မရုပ်သိမ်းကိစ္စကို အမတ်တွေက ဆုံးဖြတ်ပါလိမ့်မယ်လို့ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြန်လည်ဖြေကြားပါတယ်။
ရိုဟင်ဂျာတွေပေါ် ရက်စက်တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ တခွန်းတပါဒမှ ထုတ်ဖော်မပြောကြားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အကြီးအကျယ် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။
ဒီအတွက် ကနေဒါပါလီမန်မှာလည်း လာရောင်ပြန်ဟပ်နိုင်တဲ့အကြောင်း၊ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ပါလီမန်က ဆုချီးမြှင့်ခဲ့တဲ့အကြောင်းနဲ့ ဒီကိစ္စကို သေချာပေါက် ဆွေးနွေးရမယ့်အကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။