မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်ကူညီမယ်လို့ ကနေဒါပြော

RFA Burmese
2023.07.14
မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်ကူညီမယ်လို့ ကနေဒါပြော ၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့တာ အပါအဝင် မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပိတ်ဆို့အရေးယူတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mélanie Joly ကိုယ်စား ဝန်ကြီးဌာနရဲ့ လွှတ်တော်အတွင်းရေးမှူး Robert Oliphant နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း ‌မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ များလာတာကိုလည်း ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရရှိဖို့ ကနေဒါနိုင်ငံက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းလာဖို့ အာဆီယံ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ NUG အပါအဝင် ဒီမိုကရေစီလိုလားသူတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လွှတ်တော်အတွင်းရေးမှူး Robert Oliphantက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။