ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြော
2013.10.26
ဥရောပခရီးလှည့်လည်နေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်တော်ဝင် Sandhurst စစ်တက္ကသိုလ်မှာ မနေ့က မိန့်ခွန်းပြောကြားပါတယ်။
ဗြိတိန်နိုင်ငံမှာ ငါးရက်ကြာနေထိုင်တဲ့ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လန်ဒန်မြို့အနောက်တောင်ဘက် ၃၄ မိုင်လောက်အကွာမှာရှိတဲ့ Sandhurst စစ်တက္ကသိုလ်ကို သွားရောက်တာပါ။ တော်ဝင်စစ်တက္ကသိုလ်သို့ ရောက်ရှိချိန်မှာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates က ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆို နှုတ်ဆက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်လောင်းအမျိုးသား အမျိုးသမီးတွေနဲ့ လက်ဘက်ရည်အတူသောက်ရင်း ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဗြိတိန်စစ်တက္ကသိုလ်က ဗိုလ်လောင်းတွေကို လေ့ကျင့်သင်ကြားပေးနေတာတွေကို လေ့လာပါတယ်။
ဟောပြောပွဲလုပ်မယ့် ဗြိတိန်စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ညအိပ်နေထိုင်မယ်လို့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ပြောပါတယ်။