ကရင်တိုင်းရင်းသားတွေကို ကျေးဇူးတင်ကြောင်း အတိုင်ပင်ခံပြော
2018.08.28

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကရင်တိုင်းရင်းသားတွေက သတ္တိရှိရှိနဲ့ ရှေ့ကနေ ဦးဆောင်ခဲ့တာကို ကျေးဇူးတင် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ဒီနေ့ ကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူပွဲအခမ်းအနားမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
"ကျမတို့အခု ငြိမ်းချမ်းရေးလမ်းကို လျှောက်နေတဲ့အခါမှာတော့ ငြိမ်းချမ်းရေးလမ်းကို အောင်မြင်အောင် ကူညီပေးတဲ့ ကရင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများကိုလည်း ဒီအချိန်မှာ ကျမ ကြုံတုန်း ကျေးဇူးတင်စကား ပြောချင်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်တဲ့လမ်းကို ရွေးခဲ့ပြီးမှ ငြိမ်းချမ်းရေးလမ်းဘက်ကို ရွေ့ရတယ်ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သတ္တိလည်းလိုပါတယ်။ စိတ်ဓာတ်ခိုင်မာဖို့လည်း လိုပါတယ်။ ဒီလို လုပ်ရဲတဲ့သတ္တိ၊ ဒီလို လုပ်ချင်တဲ့စေတနာပါတဲ့ ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများကို ကျမ ကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ပြောပါရစေ"
ကရင်ရိုးရာ ချည်ဖြူဖွဲ့အခမ်းအနားကို အရင်က ခြောက်ထပ်ကြီးဘုရားအနီးက ပြည်နယ်ကျက်သရေဆောင် ကျောင်းမှာပဲ ကျင်းပခဲ့ပြီး ဒီနေ့မှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပံ့ပိုးမှုနဲ့ ရန်ကုန်တိုင်း ကရင်လူငယ်တွေ ဦးဆောင်ပြုကာ ခမ်းခမ်းနားနားပြုလုပ်ခဲ့တာပါ။
ဒီအခမ်းအနားကို KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း တို့အပြင် တခြားတိုင်းရင်းသားခေါင်းဆောင်တွေ၊ ကရင်တိုင်းရင်းသားတွေ စုစုပေါင်း ၃ ထောင်ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
ကရင်ရိုးရာ လက်ချည်ပွဲ ခေါ် ဝါခေါင်လ ချည်ဖြူဖွဲ့ ပွဲကို နှစ်စဉ်ဝါခေါင်လဆန်း ၁ ရက်နေ့ကနေ လပြည်နေ့အထိ ကျင်းပကြပါတယ်။
ကရင်တိုင်းရင်းသားတွေမှာ ဝါခေါင်လ ချည်ဖြူဖွဲ့၊ ထိမ်းမြားမင်္ဂလာ ချည်ဖြူဖွဲ့နဲ့ လိပ်ပြာခေါ် ချည်ဖြူဖွဲ့ ဆိုပြီး ချည်ဖြူဖွဲ့ ၃ မျိုး ရှိပါတယ်။
ဝါခေါင်လဟာ မကောင်းဆိုးဝါးတွေ ပျော်မြူးတဲ့လဖြစ်တာကြောင့် ရှေးကရင်လူကြီးသူမတွေက သားသမီးတွေကို အကာအကွယ်ပြုတဲ့အနေနဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူခင် အပါအဝင် အဆောင်အယောင် ၇ မျိုးနဲ့ ချည်ဖြူ ဖွဲ့ပေးတဲ့ ဓလေ့ပြုလုပ်တာပါ။
ကရင်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကရင်တိုင်းရင်းသားတွေ အများဆုံးရှိတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ်တွေမှာ ကျင်းပခဲ့ပါတယ်။