Time မဂ္ဂဇင်း သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြ
2011.04.22

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူတဦးအဖြစ် ဖော်ပြထားပြီး တရုတ်ပြည် တီယင်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ Wang Dan က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်တဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုတွေအကြောင်း မဂ္ဂဇင်းမှာ အကျဉ်းချုပ် ရေးသားထားပါတယ်။
၁၉၈၈ ခုနှစ် မြန်မာ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို နောက်နှစ်မှာ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ တရုတ်နိုင်ငံ တီယင်မင်ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ ကာလအတွင်းမှာ အထူးသတိထား ဥပမာ ယူခဲ့ရပါတယ်လို့လည်း Mr. Wang Dan က ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂ဝ နီးပါး အကျဉ်းချခံခဲ့ရပေမယ့် ပြန်လွတ်လာတဲ့အချိန်မှာ ဒီမိုကရေစီ တိုက်ပွဲအတွက် ရှေ့တန်းကနေ ကြိုးပမ်းနေသူ ဖြစ်တယ်လို့လည်း ရေးပါတယ်။
Time မဂ္ဂဇင်းရဲ့ ၂ဝ၁၁ ခုနှစ် သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ထိပ်တန်းက ဖော်ပြခံရသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဒု-သမ္မတ ဂျိုးဘိုက်ဒင်၊ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်၊ Facebook အင်တာနက် ထူထောင်သူ Mark Zuckerberg၊ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂလစ်၊ အမေရိကန် သမ္မတကတော် မစ်ချဲလ် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း စတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထင်ရှားသူတွေလည်း ပါဝင်ပါတယ်။
ဒီကနေ့ထုတ် Time မဂ္ဂဇင်းမှာပဲ ကမ္ဘာမှာ သြဇာနဲ့ အကျိုးသက်ရောက်မှု အကြီးမားဆုံး ဖြစ်ရပ် ၁ဝဝ ကိုလည်း ဖော်ပြထားရာမှာ ဂျပန်နဲ့ နယူးဇီလန် မြေငလျင်၊ ဖူကူးရှီးမား နျူကလီယား ပြဿနာ၊ အာရပ်နဲ့ အမေရိကန်က ဆန္ဒပြပွဲတွေနဲ့ ဝီကီလိခ် လျှို့ဝှက် စာရွက်စာတမ်း ပေါက်ကြားမှုတွေ ပါဝင်ပါတယ်။