ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ပြန်ရောက်
2012.10.05

"ပြောချင်တာက အားလုံး ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး လုပ်စရာတွေ ရှိတယ်။ အခု အခက်အခဲဆုံး ကာလကို ကျော်ဖြတ်ရမယ်။ ပင်ပင်ပမ်းပမ်းနဲ့ ကြိုးစားလို့ရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ်။ ဒီအချိန်က ထိုင်နေလို့ ရတဲ့အချိန် မဟုတ်ဘူး၊ ဒူးနှံ့နေလို့ ရတဲ့အချိန် မဟုတ်ဘူး။ အများကြီး အလုပ်လုပ်ရမယ့် အချိန်ပါလို့ ပြောပါရစေ"
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို သီတင်းပတ် သုံးပတ်ကြာလောက် သွားရောက် လည်ပတ်ခဲ့ပြီး မနေ့ည ၁ဝ နာရီလောက်မှာ ကိုးရီးယား လေကြောင်းလိုင်းနဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တွေ၊ အနုပညာရှင်တွေ အပါအဝင် ပရိသတ် ၂ ထောင်ကျော်က သွားရောက် ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း သမ္မတအိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ဖို့ နယူးယောက်မြို့မှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အစရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အမေရိကန်ရောက် မြန်မာမိသားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံခဲ့သလို အရပ်သားတွေကို ချီးမြှင့်တဲ့ အမေရိကန် လွှတ်တော်ရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကိုလည်း လက်ခံရယူခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။