ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာကန့်သတ်ခံရ

2022.10.26
ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်စာကန့်သတ်ခံရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ကြိုတင်မဲ လာရောက်ပေးစဉ်။
Photo: THET AUNG / AFP

နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာ ကန့်သတ်ခံရပြီး လက်ရှိ တစ်ပတ်ကိုတစ်ကြိမ်သာ ပို့ခွင့်ရတော့မယ်လို့ နေပြည်တော် အချုပ်ထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာ ၂၆ ရက် ဒီနေ့ RFA ကိုပြောပါတယ်။

အရင်က ရုံးချိန်းရက်နေ့တိုင်း အစားအသောက်တွေ ပို့ခွင့်ရပေမယ့် အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စကန့်သတ်ခံရတာလို့ အချုပ်ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သူတို့တစ်ပတ်တစ်ခါပဲ ပေးပို့တော့မယ်တဲ့။ အရင်တုန်းကတော့ ရုံးချိန်းရှိတဲ့နေ့တိုင်း အစားအသောက်လေးတွေပို့တာ ပို့လို့ရတယ်။ အခုတော့ ပါဆယ်တွေ အကုန်ပိတ်လို့ တစ်ပတ်တစ်ခါပဲ ပေးခွင့်ရမယ်လို့ပြောတယ်။ တစ်နိုင်ငံလုံးလည်း ပါဆယ်တွေ ရပ်ထားတာလေ"

အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပေါက်ကွဲမှုကြောင့် ရှစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပြီးနောက် အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပစ္စည်းပေးခွင့်ကို စစ်ကောင်စီဘက်က ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက နောက်ဆုံး ကျန်နေတဲ့ အဂတိအမှု ငါးမှုကို တစ်ပတ်မှာနှစ်ရက် ရုံးချိန်းခေါ်ပြီး စစ်ဆေးနေတာပါ။

ဒီအမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုတွေ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာလည်း အဲဒီအမှုငါးမှုအတွက် ပြန်ခေါ်သက်သေ တချို့ကို စစ်ဆေးနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်အသစ်တွေ ထပ်မံချမှတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သူအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။