အဂတိကင်းတဲ့ စီးပွားရေးနယ်ပယ်ဖြစ်ဖို့ အတိုင်ပင်ခံ ပြော
2018.08.27

အဂတိလိုက်စားမှုကင်းတဲ့ စီးပွားရေးနယ်ပယ်ဖြစ်ဖို့ အရေးကြီးကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်က MICC ခန်းမမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေရှိလာရင် အစိုးရက မသိကျိုးကျွံ ပြုနေမှာမဟုတ်ဘဲ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
"လာဘ်ပေးလာဘ်ယူဆိုတာ ယူတဲ့သူချည်းပဲ ရှိတာမှမဟုတ်ဘဲ ပေးတဲ့သူလည်းရှိတာပဲ။ ပေးတဲ့သူတွေက မပေးလို့ရှိရင် ယူတဲ့သူ ရှိနိုင်မလား။ တချို့ကတော့ ပြောမှာတော့ မပေးလို့ရှိရင် အလုပ်မဖြစ်ဘူး။ တကယ်ပဲ ဒီလိုမပေးလို့ အလုပ်မဖြစ်ဘူးဆိုရင် ကျမတို့ကို တရားဝင်ပြောလို့ရပါတယ်။ တိုင်လို့ရပါတယ်။ ကျမတို့ အရေးယူမှာပါ။ မသိကျိုးကျွံလုပ်နေမှာ မဟုတ်ပါဘူး"
စီးပွားရေးနယ်ပယ်မှာ အဂတိလိုက်စားမှုကင်းမှ ကမ္ဘာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ ရှိလာမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
တင်ဒါလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မမှန်မကန်လုပ်နေတာတွေရှိရင် မကျေမနပ်ဖြစ်နေတာနဲ့ မပြီးဘဲ အစိုးရကို အသိပေးဖို့နဲ့ အသိပေးမှသာ ပြုပြင်စရာရှိတာတွေကို ပြုပြင်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
NLD အစိုးရက ဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုမှ အတိတ်က ကိစ္စတွေကို ကြည့်ပြီး မသုံးသပ်ကြောင်း၊ ခရိုနီဆိုပြီး လက်ညိုးထိုးတာတွေ မကြိုက်ကြောင်းနဲ့ ရှေ့ဆက်ပြီး တစ်ဦးပေါ်တစ်ဦး သစ္စာရှိဖို့သာ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။
တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲက ၃ ဦးက စီးပွားရေးလုပ်ငန်းတွေမှာ အရောင်းအဝယ် နှေးကွေးတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ ရင်းနှီးမြှုပ်နှံမှုတွေလာနိုင်အောင် ဘဏ်ချေးငွေတွေမှာ အတိုးနှုန်းတွေ လျှော့ချဖို့နဲ့ အခွန်တွေ လျှော့ချပေးဖို့ တင်ပြခဲ့ကြပါတယ်။