စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားကြောင်း NLD အတည်ပြု

RFA Burmese
2023.07.28
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားကြောင်း NLD အတည်ပြု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
THET AUNG / AFP

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကနေ ပိုပြီးသက်တောင့်သက်သာရှိတဲ့ နိုင်ငံတော်ပိုင် နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၂၈ ရက်နေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လူနေအိမ်ရာမှာရှိတဲ့ အိမ်တစ်အိမ်မှာ ထားတယ်ဆိုတာ အတည်ပြုချက်ရရှိတဲ့အတွက် ဟုတ်တယ်လို့ ပြောချင်ပါတယ်"

နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတစ်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ထားတာမှန်ကန်ကြောင်း RFA ကို ဒီနေ့ ထပ်မံအတည်ပြု ပြောဆိုပါတယ်။

RFA က ဒီနေ့ဆက်သွယ်ခဲ့တဲ့ သတင်းရင်းမြစ် နှစ်ခုလုံးက ဒီရက်ပိုင်းမှာ ပြောင်းရွှေ့လိုက်တယ်လို့သာ အတည်ပြုနိုင်ပြီး ဘယ်နေ့၊ ဘယ်ရက်ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။

ပြည်တွင်း၊ ပြည်ပ မီဒီယာအချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၂၄ ရက်၊ တနင်္လာနေ့ကတည်းက ထောင်ထဲကနေ နေပြည်တော်က ဒုတိယဝန်ကြီးတွေ နေထိုင်တဲ့ အိမ်တစ်လုံးကို ပြောင်းရွှေ့လိုက်တာလို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကို ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေကတော့ ဇူလိုင်လ ၂၄ ရက် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာကို နေပြည်တော် အချုပ်ထောင်ကို သွားပို့ခဲ့ကြောင်းနဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို ဆက်လက်စုံစမ်းနေကြောင်း RFA ကို ပြောပါတယ်။

ပြည်တွင်း၊ ပြည်ပ ဖိအားတွေ မြင့်တက်လာတာနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်မှာ အကျပ်အတည်းတွေ ရှိလာတာကြောင့် ဒီလိုပြောင်းရွှေ့တာလို့ NLD ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲကနေထုတ်ပြီး ပိုမိုကောင်းမွန်တဲ့နေရာကိုပို့တယ်ဆိုတာ ဖိအားတွေ အရမ်းများလို့ပါ။ နောက်တစ်ခုက မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးအခြေအနေ မငြိမ်မသက်မှုတွေအားလုံးကို ဖြေရှင်းဖို့အတွက် သူ့မှာလည်း အခက်အခဲတွေရှိပြီဆိုတာ ကမ္ဘာကို သိစေတာပါ"

စစ်ကောင်စီက ထောင်ထဲကနေ ပြောင်းရွှေ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ပေးတွေ့ခဲ့သလို လက်ရှိ နေပြည်တော်ကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွန်းနဲ့ တွေ့ခွင့်ပေးနိုင်တယ်လို့လည်း ဒီနေ့ရရှိတဲ့ နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြပါတယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွန်းဟာ စစ်တပ်အာဏာသိမ်းပြီးမှ မြန်မာနိုင်ငံကို သုံးကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူဟာ အခုနှစ် ဖေဖော်ဝါရီလ မြန်မာပြည်ခရီးစဉ်မတိုင်ခင်မှာ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ဟာ အရေးပေါ်ကာလသက်တမ်း ခြောက်လပြည့်ချိန် ဖြစ်တာကြောင့် စစ်ကောင်စီ ဘာဆက်လုပ်မလဲဆိုတာကို နိုင်ငံရေးအကဲခတ်တွေနဲ့ မြန်မာပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကထုတ်ပြီး နေရာပြောင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာပဲ ဆက်ထားမလား၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ပြန်ပို့မလားဆိုတာ အတိအကျ မသိနိုင်သေးပါဘူး။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာတော့ မနေ့ကထိ အတားအဆီးတွေ အများအပြား ချထားဆဲပါပဲ။

ဒီအခြေအနေအတွင်းမှာပဲ NLD ပါတီရဲ့ ဗဟိုကော်မတီကလည်း ဇူလိုင် ၂၉ ရက် မနက်ဖြန်မှာ အစည်းအဝေးကျင်းပဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအစည်းအဝေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့တာနဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးမယ့်အချိန်တွေနဲ့လည်း တိုက်ဆိုင်နေတာကြောင့် တစ်ခုခု ထူးခြားလိမ့်မယ်လို့ NLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းတည်းက ဖမ်းဆီးခံခဲ့ရပြီး အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။

အရင်စစ်အစိုးရတွေလက်ထက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်-၅၄ မှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။