ဒဂုန်တာရာ ၉၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပ

လာမယ့် မေလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ မဟာဂန္ခာရုံကျောင်းတိုက်မှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။

2012.05.06
dagon-tayar-93yrs-birthday-b305 စာရေးဆရာကြီး ဒဂုန်တာရာ၏ (၉၃)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ မဟာဂန္ခာရုံကျောင်းတိုက်တွင် ၂၀၁၂ ခုနှစ် မေလ ၆ ရက်က ကျင်းပနေစဉ်။
RFA

ဆရာကြီးကို လေးစားတဲ့ နယ်ပယ်အသီးသီးမှ စာရေးဆရာ၊ ကဗျာဆရာများနဲ့ လူထုပရိသတ် (၂၀၀) ကျော်တက်ရောက်ကြပြီး သဝဏ်လွှာများလည်း ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင်သာနိုး၊ မောင်သင်းခိုင်၊ အံ့မောင်၊ ထက်မြက်၊ ဒေါ်ဒေဝီသန့်စင်၊ ဦးကျော်ငြိမ်း (ရေနံချောင်း) စတဲ့ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်တို့မှ လူကြီး၊ လူငယ် အသီးသီး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မဟာဂန္ခာရုံ ကျောင်းတိုက်ဆရာတော်က သြဝါဒတရား မိန့်တော်မူပြီး မွေးနေ့ရှင် ဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေး ပန်ကြားလွှာကို ဆရာကြီး ဦးအံ့မောင်က ဖတ်ကြားပေးခဲ့တယ်လို့ အခမ်းအနား တက်ရောက်သူတွေက ပြောပါတယ်။

ပန်ကြားလွှာမှာ ဆရာဒဂုန်တာရာက သူဟာ ကိုလိုနီကျေးကျွန်ခေတ်မှာ လူဖြစ်လာခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကို ကြုံတွေ့ခဲ့ရကြောင်း၊ လွတ်လပ်ရေးအပြီးမှာလည်း ပြည်တွင်းစစ်ကြောင့် ငြိမ်းချမ်းရေးကို ဆုံးရှုံးခဲ့ရကာ နှစ်ပေါင်း (၆၄) နှစ် ရှိပြီဖြစ်ကြောင်း၊ ယခုအသက် (၉၄) နှစ်ကို ရောက်တဲ့အခါမှာ ငြိမ်းချမ်းရေးကို တွေ့မြင်ခံစားချင်ပါကြောင်း ဆုတောင်းပါတယ်လို့ ပါရှိပါတယ်။

“ကျွန်တော်သည် ငြိမ်းချမ်းရေးကို မြင်လိုတွေ့လို ခံစားလိုသောစိတ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တသက်တာလုံး ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင်၊ ကမ္ဘာတဝှမ်းလုံးလည်း ငြိမ်းချမ်းရေး ခံစားကြရအောင် ပြည်သူပြည်သား ကမ္ဘာသူ ကမ္ဘာသား အားလုံး အားလုံး အားလုံးတို့က လုံ့လ၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ သတိ၊ ပညာ၊ ဉာဏ်အမြှော်အမြင်၊ သည်းခံစိတ်ရှည်၊ ခွင့်လွှတ်နိုင်မှု၊ သဘောထားကြီးမှု၊ ညီညွတ်မှုတို့ဖြင့် အချိန်ကာလရှိသမျှ ဆက်လက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြပါရန် လေးစားအားကိုးစွာ ပန်ကြားနိုးဆော်လိုက်ပါသည်။ ဒဂုန်တာရာ (၆၊ ၅၊ ၂၀၁၂) အောင်ပန်းမြို့၊ သာမိုင်းခမ်း”

အဲဒီနောက် ကိုလေး (အင်းဝဂုဏ်ရည်) မောင်သာနိုး၊ မောင်သင်းခိုင်၊ ထက်မြက်တို့က အမှာစကားပြောကြားပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်၊ ကဗျာဆရာ မောင်လူထက်တို့ကလည်း ကဗျာရွတ်ဆိုကြပြီး ဗမာနိုင်ငံ စာရေးဆရာသမဂ္ဂ၊ အထက်ဗမာပြည် စာရေးဆရာအသင်း၊ ဗကသတို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

ဒဂုန်တာရာမွေးနေ့နဲ့ ပတ်သက်လို့ ဆရာကြီးဦးအံမောင်က-

“မြန်မာနိုင်ငံ ပြည်သူပြည်သားတွေလည်းပဲ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးရအောင် ကမ္ဘာကြီးလည်း ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါလို့ ဆရာကြီး ဒဂုန်တာရာက ပန်ကြားလိုက်တာဟာဖြင့် အလွန်ထူးခြားတဲ့ ဖိတ်ခေါ်ချက်လို့ပဲ ယူဆပါတယ်ဗျာ။ ငြိမ်းချမ်းရေးကို အားလုံး အားလုံးဆိုတာ ဒီဘက်တင်မက ဟိုဘက် ဟိုဘက်တင်မက ရှိရှိသမျှ ဘက်အားလုံးက ဝိုင်းဝန်းကြိုးစားဖို့ အချိန်ရောက်ပြီဆိုတာ ကျနော်တို့ နားလည်လိုက်ပါတယ်”

ဆရာကြီးဒဂုန်တာရာဟာ လက်ရှိအခြေအနေမှာတော့ ရောဂါတစုံတရာ ခံစားရတာမရှိဘဲ ကျန်းမာရေးကတော့ လူကြီးကောင်း ကောင်းနေပါတယ်လို့လည်း သိရပါတယ်။

စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာကို ဂုဏ်ပြုရွတ်ဆိုတဲ့ ကဗျာရွတ်ဆိုပွဲကိုလည်း ဆရာကြီးနေထိုင်ရာ အိမ်မှာ မနေ့ညက ပြုလုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။