ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ NLD နာယက စာပေးပို့
2015.05.08

လှိုင်သာယာမြို့နယ်မှာ ကျင်းပမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပခွင့်မပေးတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေထံ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ဆိုတဲ့ အသုံးအနှုန်းကြောင့် ပွဲကျင်းပခွင့်မပေးတာကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက စာပေးပို့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးမြင့်ဌေး က ပြောပါတယ်။
"ကျနော်တို့ ဒီ ၅ လပိုင်းမှာ ပြုလုပ်မယ့်ကိစ္စကို ရန်ကုန်တိုင်း အစိုးရကနေပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ကကျော် သွားတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်နဲ့ ပတ်သက်တဲ့အထိမ်းအမှတ်ပွဲကို ပါမစ်မပေးတော့ ဘူးလို့ပြောတယ်ခင်ဗျ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ ကျင်းပရေးကော်မတီကလည်း ကျနော်တို့ ဒါနဲ့ပတ်သက်လို့ ဒီခေါင်းစဉ်နဲ့မရဘူးရှိရင်တော့ ကျနော်တို့ ရန်ပုံငွေရှာပွဲကို မလုပ်တော့ဘူဆိုပြီးတော့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပါတဲ့ကိစ္စကို ဒီပါမစ်မပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘဘ ဦးတင်ဦးကနေပြီးတော့လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေဆီကို ကန့်ကွက်စာပေးပို့တာပါ"
ရန်ကုန်တိုင်းဒေသကြီး အန်အယ်လ်ဒီပါတီက ဗိုလ်ချုပ်ရာပြည့်ပွဲကို ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ကျင်းပဖို့ ခွင့်တောင်းရာမှာ ပယ်ချခံခဲ့ရတာဖြစ်ပြီး၊ မနက်ဖြန် မေလ ၉ ရက်နေ့ညမှာကျင်းပဖို့ ထပ်မံတောင်းဆိုတာကိုလည်း ပယ်ချခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနှစ်တစ်နှစ်ပတ်လုံးကျင်းပသွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။