ရန်ကုန်မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

RFA Burmese
2025.01.29
ရန်ကုန်မှာ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ် တရုတ်အစိုးရ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Owl Community

တရုတ်အစိုးရဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကူညီထောက်ခံနေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၉ ရက် ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တယ်လို့ အဲဒီလှုပ်ရှားမှုမှာပါဝင်သူတွေက RFA ကို ပြောပါတယ်။

တရုတ်အစိုးရဟာ မြန်မာ့နိုင်ငံရေးအပေါ် ဝင်ရောက်ခြယ်လှယ်နေတာနဲ့ စီးပွားရေးအပေါ် စိုးမိုးနေတာတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ အဲဒီ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ဆန္ဒပြလှုပ်ရှားမှုလုပ်နေတဲ့ Owl Community အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ တရုတ်အစိုးရကို ရှုတ်ချတဲ့အနေနဲ့ တရုတ်နှစ်သစ်ကူးနေ့ဖြစ်တဲ့ဒီနေ့မှာ လုပ်တာလို့ RFA ကို ပြောပါတယ်။

"တရုတ်အစိုးရက သူ့အကျိုးစီးပွားအတွက်ပဲကြည့်ပြီး မြန်မာနိုင်ငံအရေးထဲဝင်ပြီး ခြယ်လှယ်တယ်၊ စစ်တပ်က ရွာတွေကိုမီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်နေတာ။ နောက်ပြီး စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ သတ်ဖြတ်နေတဲ့လုပ်ရပ်အားလုံးကို မျက်ကွယ်ပြုထားတယ်”

ဒါကြောင့် တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားတဲ့နည်းလမ်းနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့လည်း ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်သူတွေက တိုက်တွန်းထားပါတယ်။

တရုတ်အစိုးရ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo - Owl Community)
တရုတ်အစိုးရ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (Photo - Owl Community)

ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေကို ဆွေးနွေးကြဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ ကူညီပေးနေပြီး မြန်မာနိုင်ငံ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို အားပေးထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပေါ် တရုတ်ရဲ့ ဖိအားပေးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။