မရမ်းကုန်းမှာ စစ်တပ်အရာရှိကို ပစ်ခတ်ခဲ့သူတွေကို ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်
2025.01.05

စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးဇေယျာမင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ Together Urban Force ပြောက်ကျားတပ်ဖွဲ့ဝင်တွေအပါအဝင် ခြောက်ဦးကို ဖမ်းဆီးရမိထားကြောင်း ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမှာရှိတဲ့ Apollo ဟိုတယ်မှာ ကျင်းပတဲ့ ညီဖြစ်သူ မင်္ဂလာဆောင်ကို လာရောက်ခဲ့တဲ့ စစ်တပ်အရာရှိတစ်ဦး ပစ္စတိုနဲ့ သုံးချက်ပစ်ခတ်ခံရပြီး ယာလက်ဖျံ ဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်၊ မိုးထက်အောင် (ခ) မိုးထက် (ခ) တိမ်ညို၊ နိုင်ဝင်းလတ်၊ ခင်ယုဆွေ၊ သန်းအောင်၊ ချိုမာလွင်တို့ ခြောက်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
Together Urban Force ကို ၂၀၂၃ ခုနှစ်မှာ ခိုင်မင်းစိုး (ခ) ငြိမ်းခန့်လင်း (ခ) ပါပီလွန်ခေါင်းဆောင်ပြီး အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ဖောက်ခွဲမှု ခြောက်ကြိမ်အပါအဝင် အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု နှစ်ကြိမ်လုပ်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးမိသူတွေကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ထောက်လှမ်းရေး စရဖ ဗိုလ်မှူးဖြစ်သူ ဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force ပြောက်ကျားတပ်ဖွဲ့ဝင်တွေက မရမ်းကုန်းမြို့နယ်အတွင်းမှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။
အလားတူ ရန်ကုန်တိုင်းအတွင်း မိုင်းထောင်ဖောက်ခွဲမှုတွေ လုပ်နေတဲ့ အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။