ဒဂုံဆိပ်ကမ်းဒေသခံတွေ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြ
2013.12.06

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သူတို့ကိုပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှာရှိတဲ့ မဟာဗန္ဓုလ ပန်းခြံဘေးမှာ ၅ ကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက အမှတ် ၆၇ ရပ်ကွက်မှာ နေထိုင်သူတွေကို မူလပေးထားတဲ့ကတိနဲ့ ဆန့်ကျင်ပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာမို့ အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင် တဲ့ ဒေါ်မြင့်မြင့်ဝေက RFA ကို ပြောပါတယ်။
“ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး သိက္ခာကျအောင် မလုပ်ချင်ပါဘူး၊ ဦးအောင်ကျော်ဦးက တိုက်ခန်းတွေကို ဆင်းရဲသားပြည်သူတွေနေနိုင်တဲ့ အရစ်နဲ့တင်ပေးမယ်လို့ ကတိပေးထားတယ်၊ နောက်ကနောင်ခန်းမမှာ သူနဲ့တွေ့ဆုံပြီး ညှိနှိုင်းမယ်ဆိုတော့ ဦးအောင်ကျော်ဦးက သူပေးထားတဲ့ကတိကို မပေးနိုင်တော့ဘူး၊ အထက်ကလူကြီးမင်းတွေ သိအောင်လို့ ကျမတို့က ဆန္ဒထုတ်ဖော်တာပါ၊ ပွင့်လင်းမြင်သာအောင် လုပ်မပေးရင် ကျမတို့က ဆန္ဒထုတ်ဖော်ဦးမှာပဲ”
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်ခန်းမမှာ အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ‘ဧရာဝဏ်’ နဲ့ ‘ရတနာ’ အိမ်ရာ စီမံကိန်းနယ်မြေတွေမှာ ပါဝင်နေသူတွေ ရွှေ့ပြောင်းပေးဖို့နဲ့ စီမံကိန်းနယ်မြေနဲ့ လွတ်ကင်းရာမှာ လိုင်းခန်းတွေ တည်ဆောက်ပေးပြီး စီမံကန်းလုပ်ငန်းခွင်မှာပဲ အလုပ်ခန့်အပ်ပေးသွားမယ်လို့ ကတိပေးခဲ့တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။