ဒဂုံဆိပ်ကမ်းမှာ လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ
2013.06.18
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်မှာ ရွေနဂါးမင်းကုမ္ပဏီက သိမ်းယူထားတဲ့ (၄၄၆) ကျုံမနာကွင်းက လယ်ဧက ၁ဝဝ ကျော်မှာ လယ်သမား ၁၃ ဦးက လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့် ရရှိဖို့အတွက် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။
လယ်သမားတွေဟာ သိမ်းယူထားတဲ့ လယ်ယာမြေတွေနားမှာတဲထိုးပြီး ထွန်တုံးတိုက်ပွဲဝင်နေကြတာလို့ လယ်သမား ဦးလှဌေးက RFA ကို အခုလို ပြောပါတယ်။
“ကျနော်တို့က အခုထွန်တုံးတိုက်ပွဲလုပ်နေတာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လယ်ယာမြေတွေက ကျနော်တို့ဘိုးဘွားတွေ လက်ထက်ကထဲက လုပ်ကိုင်လာတာလေ၊ ကျနော်တို့လည်း လုပ်ကိုင်လာခဲ့တာ၊ သားစဉ်မြေးဆက်အတွက်လဲ ဒီလယ်ယာမြေတွေကို အမွေအနှစ်ပေးရမှာပဲ၊ အခုထွန်တုံးတိုက်ပွဲလုပ်တယ်၊ တဲထိုးတယ်၊ ဘယ်အဖွဲ့အစည်းလာလာ ကျနော်တို့ရွေ့မှာမဟုတ်ဘူး”
လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကစလို့ အဲဒီကုမ္ပဏီက လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်ဧက ၁ဝဝ ကျော်ကို စိုက်ပျိုးရေး စီမံကိန်းဇုန် အကောင်အထည်ဖော်ဖို့ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေနဂါးမင်းကုမ္ပဏီက သိမ်းယူခဲ့တဲ့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ လေးထောင့်ကန် စိုက်၊ မွေး (၁) ရပ်ကွက်က လယ်ယာမြေ ဧက ၆ဝ ကျော်မှာ မကြာသေးခင် ရက်ပိုင်းလောက်က ဝင်ရောက်စိုက်ပျိုးခဲ့တဲ့ လယ်သမား ၁၂ ဦးထဲက ၇ ဦးကို ဒီကနေ့မှာ ကုမ္ပဏီဖက်က တရားလိုပြုလုပ်ပြီး တောင်ဒဂုံ စိုက်၊ မွေး ရဲစခန်းမှာ ကျူးကျော်ဝင်ရောက်မှု၊ ဝင်ရောက်ဖျက်ဆီးမှုစတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။