အပစ်ရပ် ၁ဝ ဖွဲ့ရဲ့ သဘောထားကို CRPH ကြိုဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကြိုဆိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPSTက ဧပြီလ ၂၇ရက်နေ့က ကြေညာခဲ့ပြီး နောက်တရက်အကြာမှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က PPSTရဲ့ ရပ်တည်ချက်ကို ထောက်ခံကြိုဆိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
PPST အဖွဲ့ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့ပေါင်းထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို PPST အဖွဲ့က နှစ်ရက်ကြာ အစည်းအဝေးလုပ် ဆွေးနွေးခဲ့ကြပြီး NUG အစိုးရကို ကြိုဆိုတယ်ဆိုတဲ့အချက် အပါအဝင် ဘုံသဘောတူညီချက် ၇ ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းသွားရေး၊ ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးရေး၊ လူထုအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ချက်ချင်းရပ်ရေး၊ တိုင်းရင်းသားဒေသတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ချက်ချင်းရပ်ရေး CRPHနဲ့ ညှိနှိုင်းပြီး ပံ့ပိုးမှုတွေ လုပ်သွားရေး၊ NUG အစိုးရကို ကြိုဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေအကြား စုဖွဲ့မှုအသစ် ဖော်ဆောင်ဖို့ ညှိနှိုင်းသွားရေး ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
၂၀၁၅ခုနှစ်တုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေကို တိုင်းရင်းသား လက်နက်ကိုင် ၁ဝ ဖွဲ့နဲ့ မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပေမယ့်လည်း တိုက်ပွဲတွေက ဒီကနေ့အထိ ရှိနေတာကြောင့် ဒီ NCA သဘောတူညီချက်ဟာ မြန်မာ့နိုင်ငံရေးလောကမှာ ဝေဖန်စရာ ဖြစ်နေခဲ့ပါတယ်။