အာဆီယံ လေတပ်ညီလာခံ မတက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို CRPH တောင်းဆို
2023.09.06

နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ညီလာခံကို မတက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က စက်တင်ဘာလ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လေတပ်ကာကွယ်ရေးဦးစီးချုပ်တွေတက်မယ့် အဲဒီလေတပ်ညီလာခံကို နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ပြီး လာမယ့် စက်တင်ဘာလ ၁၂ ၊ ၁၃ တို့မှာ ကျင်းပမှာပါ။
ဒီညီလာခံကို တက်မယ်ဆိုရင် စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တယ်လို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင် က ပြောပါတယ်။
"ရွေးကောက်ခံထားရတဲ့ အစိုးရကို အသိအမှတ်မပြုဘဲနဲ့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို၊ ဆိုးဆိုးဝါးဝါး လူ့အခွင့်ရေးချိုးဖောက်နေတဲ့ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုကို အသိအမှတ် ပြုတယ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဝင်ရောက် စွက်ဖက်တာပဲဖြစ်တယ်၊ အခြေခံမူအားဖြင့် ဥပဒေကြောင်းအရ ရှိတယ်၊ ဒါကို မြင်သာစေလိုတဲ့အတွက် ဒီညီလာခံ တက်ရောက်တာကို ဖျက်သိမ်းဖို့ တိုက်တွန်းတောင်းဆိုတာ ဖြစ်တယ်"
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကြောင့် ဒီညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တက်ရောက်မယ်ဆိုရင် စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အားပေးရာရောက်နေတယ်လို့ CRPH က ထောက်ပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူ လေးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး နေအိမ် ရှစ်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း CRPH က ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝရပ်တန့်ဖို့ CRPH က တောင်းဆိုထားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေဟာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဦးတည်စေနိုင်တယ်လို့လည်း သတိပေးထားပါတတယ်။