ကရင်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်ပါ ငါးဦး သေဆုံး

RFA Burmese
2024.01.29
ကရင်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်ပါ ငါးဦး သေဆုံး မိတ္ထီလာ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ (၇၁) နှစ်ပြည့် လေတပ်အခမ်းအနားတွင် Eurocopter 365 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း တပ်တော်ဝင်နေပုံကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ဇန်နဝါရီလ ၂၉ ရက်နေ့က ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးရဟတ်ယာဉ် Eurocopter 365 မှာ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီလ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အမှတ် (၃၅၆) ခြေမြန်တပ်ရင်းကို တာဝန်ချိန်းပြောင်းဖို့လာတဲ့ Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းနဲ့ ပို့ဆောင်ရေး ရဟတ်ယာဉ် Eurocopter 365 တစ်စင်းတို့ကို ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ KNU ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ KNU က ဆိုပါတယ်။

အဲဒီကနေ Eurocopter 365 ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ဗိုလ်မှူး သုံးဦး၊ ဗိုလ်ကြီး တစ်ဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့တာလို့ KNU က တရားဝင်ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးမှု အခြေအနေတွေကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က ထုတ်ပြန်လာတာလည်း မတွေ့ရသေးပါဘူး။

ရဟတ်ယာဉ်ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ၊ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ရဲ့ တုံ့ပြန်ချက်ရဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဧရိယာပြင်ပ ဖြစ်နေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ Eurocopter 365 ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပို့ဆောင်ရေးရဟတ်ယာဉ် Mi-17 တစ်စင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ FTC 2000G အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းတို့ ပစ်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။