မြေမြှုပ်မိုင်း ပညာပေး အမြန်စတင်နိုင်ရေး CPI တိုက်တွန်း
2013.12.09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူ မြေမြှုပ်မိုင်းဆိုင်ရာ အစီအစဉ်တွေ စတင်နိုင်ကြောင်း CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အရပ်ဘက်ပြည်သူ သုံးဦး သေဆုံးခဲ့ရကြောင်း ပလောင်အမျိုးသမီးများအဖွဲ့ကပြောဆိုကြောင်း Clear Path International (CPI) ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်ရပ်နှစ်ခု နာရီခြားပြီးဖြစ်ပွားခဲ့ရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူ အမျိုးသမီး နှစ်ဦးမှာ ကလေး ၄ ယောက်စီ ရှိကြတယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ဘယဆေးပင် ရှာဖွေခူးဆွတ်နေကြသူ အမျိုးသမီး လေးယာက်ထဲက တစ်ယောက် မြေမြှုပ်မိုင်းနင်းမိခဲ့ရာမှာ ခြေထောက်တစ်ချောင်း ပြတ်သွားခဲ့ပြီး ဝမ်းဗိုက်မှာလည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ လေးနှစ်အရွယ် မိန်းကလေးတစ်ယောက်အပါအဝင် ကျန်အမျိုးသမီး သုံးယောက်လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့ အကြီးတန်းအကြံပေး Lou McGrath က ပြည်တွင်းစစ် ရှည်ကြာလှတဲ့ မြန်မာပြည်ရဲ့ လူမျိုးစုဒေသအတော်များများမှာ မြေမြှုပ်မိုင်းသုံးစွဲတာဟာ တခြားဒေသတွင်း နိုင်ငံတွေမှာလိုပဲ လုပ်နေကျပုံစံဖြစ်နေကြောင်း၊ မိမိရဲ့အတွေ့အကြုံအရ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကာလတွေအတွင်း စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ကိုပြန်လာကြတဲ့အခါ မြေမြှုပ်မိုင်းနဲ့ ရင်ဆိုင်တိုးရတာဖြစ်လို့၊ မိုင်းဒဏ်ခံရတဲ့အရေအတွက် ပိုများလာတာကို တွေ့ရကြောင်း၊ ဒီမိုင်းတွေ အကုန်ရှင်းဖို့ မဖြစ်နိုင်သေးပေမယ့်၊ မိုင်းအန္တရာယ် ပညာပေးအစီအစဉ်တွေ၊ မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသူတွေ ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုတော့ ချက်ခြင်းဆောင်ရွက်နိုင်ကြောင်း၊ မြန်မာပြည် ငြိမ်းချမ်းရေး အမှန်တကယ်ရပြီဆိုရင် ပြည်သူ၊ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းတို့ ပူးပေါင်းပြီး မြေမြှုပ်မိုင်းရဲ့ သားကောင်ဖြစ်နိုင်သူတွေအပေါ် ကာကွယ်ရေးလုပ်ငန်းတွေ အမြန်ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားပါတယ်။
CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ပုံငွေနဲ့ ထူထောင်ထားပြီး၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတွေက မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရတဲ့ အရပ်ဘက်ပြည်သူတွေနဲ့အတူ လှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။