ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးတော့မည်

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လာမယ့် သြဂုတ်လဆန်းမှာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောဆိုကြောင်း AFP သတင်းတရပ်မှာ ဖော်ပြပါတယ်။
ဆေးလိုအပ်ချက်အရ ပထမဆုံးအနေနဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အသက် ၅၅ နှစ်အထက် လူပေါင်း လေးသောင်းရှစ်ထောင်ကို စတင် ထိုးပေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကော်မရှင်နာမင်းကြီးက ပြောပါတယ်။
အခုထိုးပေးမယ့် ဆေးတွေဟာ WHO က ပေးပို့တဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ကိုးသိန်းနီးပါး ရှိနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းကျော်ရှိပြီး သေဆုံးသူ တသောင်း ခုနှစ်ထောင်ကျော်တယ်လို့ တရားဝင် စာရင်းထုတ်ပြန်ထားပေမယ့် အမှန်တကယ် ရောဂါကူးစက်သူနဲ့ သေဆုံးသူအရေအတွက်ဟာ အခုထက် ၄-၅ ဆပိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒုက္ခသည်တွေထဲမှာတော့ ရောဂါကူးစက်ခံရသူ ၂၁၀၀ ရှိပြီး သေဆုံးသူ ၂၄ ဦး ရှိပါတယ်။