ကယားမှာ ကိုဗစ်ကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.24

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေ ကြောင့် ဒုက္ခသည် တစ်သိန်းခုနစ်သောင်းကျော်ဟာ ဒုက္ခသည် စခန်း ၂၀ လောက်မှာ ခိုလှုံနေကြရတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

တစ်ဘက်မှာလည်း ဒေသတွင်းမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ဖို့ ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေမှာ အသွားအလာကန့်သတ်မှုတွေ လုပ်ထားတာကြောင့် နောက်ထပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် ခိုလှုံဖို့ အခက်အခဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ကြရတာရှိသလို အချို့ကလည်း အခြားကျေးရွာတွေက လူမနေတဲ့အိမ်တွေနဲ့ စာသင်ကျောင်းကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

"ကျနော်တို့ တောထဲမှာ သွားမယ်ဆိုလို့ရှိရင်လည်း လက်နက်ကြီးတွေ ဘာတွေ ရမ်းသမ်းပြီးတော့ ပစ်ခတ်လာမယ့်ဟာမျိုးကိုလည်း ကြောက်နေရတာပေါ့နော်။ အဲဒါကြောင့်မိုလို့ ကျနော်တို့အတွက် ပြေးစရာလုံခြုံမယ့် နေရာကိုသွားဖို့ အဆင်မပြေဘူးပေါ့။ ဘယ်နေရာမှာမှ ကျနော်တို့အတွက် လုံခြုံ စိတ်ချမှု မရှိတော့ဘူးပေါ့။ ပြီးတော့မှ နောက်တစ်ခုက ဆိုးတာက အခုက ကိုဗစ်ကာလလည်း ဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ သူများရွာထဲဝင်မယ်ဆိုလို့ရှိရင်လည်း ရွာသူ၊ ရွာသားတွေက သိပ်လက်မခံချင်ဘူး။ ပြီးလို့ရှိရင် သူတို့ အိမ်မှာ မခေါ်ထားချင်ဘူးပေါ့။ တချို့အိမ်အလွတ်တွေမှာပဲ ကျနော်တို့ နေရတယ်။ ပြီးတော့မှ ကျောင်းအလွတ်တွေ အဲလိုမျိုးပေါ့နော်။ ဟိုအရင်ကလိုမျိုး ကိုယ့်ဆွေမျိုး အိမ်တွေမှာ သွားနေမယ်ဆိုလို့ရှိရင်လည်း ဆွေမျိုးတွေက သိပ်မကြည်ဘူး။ ရွာသူ၊ ရွာသားတွေကလည်း သိပ်လက်မခံချင်တော့တဲ့ အနေအထားမျိုး ရှိနေတယ်ပေါ့။ အခုက ရွာတိုင်းလိုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွာဝင်ရွာထွက် ကန့်သတ်ထားတာတွေရှိတယ်"

လွိုင်‌ကော်မြို့အရှေ့မြောက်ဘက်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စတင်တွေ့ရှိပြီးနောက် အသွားအလာ ကန့်သတ်ထားပါတယ်။ လွိုင်ကော် အရှေ့ဘက်က နောက်ထပ် စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၅၀ နီးပါးတွေ့ရှိခဲ့တယ်လို့ ဒေသခံ ဆရာဝန်တွေက ပြောပါတယ်။ အဲဒီစခန်းကို အသွားအလာကန့်သတ်ထားပြီး အတည်ပြုလူနာတွေကို သီးသန့်အဆောင်မှာ ထားပြီးကုသနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။

"အခုက ကျနော်တို့ စခန်းသပ်သပ် ဆောက်လိုက်တာပေါ့။ အဲဒီစခန်းမှာကျတော့ အဆောင်တွေ သီးသန့် ခွဲထားတာပေါ့နော်။ အမျိုးသားလူနာက သပ်သပ်၊ အမျိုးသမီးလူနာက သပ်သပ်ပေါ့။ ပြီးတော့ ရောဂါ ပြင်းထန် လူနာအတွက် သပ်သပ် တစ်ဆောင် ခွဲထားတယ်"

ကိုဗစ်ရောဂါလက္ခဏာပြသူတွေကို RTP Test Kit တွေနဲ့ စစ်ဆေးနေပေမယ့် ရောဂါလက္ခဏာ မပြတဲ့ သူတွေကိုတော့ ပစ္စည်းမလုံလောက်တာနဲ့ လူအင်အား မလောက်တာကြောင့် အကုန်လုံး မစစ်ပေးနိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကြောင့်သေဆုံးတဲ့ လူနာတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းတွေမှာ အာဏာဖီဆန်ရေး CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ လူမှု အသင်းအဖွဲ့ တချို့က ကျန်းမာရေး‌စောင့်‌ရှောက်မှု ပေးနေတာရှိပြီး ဒုက္ခသည်စခန်းအားလုံးကိုတော့ အသေးစိတ် စောင့်ရှောက်မှု မပေးနိုင်သေးဘူးလို့ ကရင်နီလူမှုအသင်းအဖွဲ့ကွန်ယက်(KCSN) က လက်ထောက်ညှိနှိုင်းရေးမှူး ဆရာ Ruby က ပြောပါတယ်။

"တတ်နိုင်သလောက် INGO တို့ ဒေသအခြေခံ NGO တို့ ဒီလောက်ပဲရှိတယ် ဒီ ကိုဗစ်နဲ့မှမဟုတ်ပါဘူး။ အခြား ကျန်းမာရေး အထောက်အကူပြုတွေလည်း အဲလောက်ပဲ လုံလောက်တဲ့ အနေအထားတော့ မတွေ့ဘူးပေါ့"

kareni-refugees.jpg
ကရင်နီ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇွန် ၂၅ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲတွေအပြင် ကိုဗစ်အတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း မရှိကြဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီ ပေးနေသူတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ဆန် တချို့ သွားပို့တာရှိတယ်။ နောက် တချို့အသုံးအဆောင်ပစ္စည်းတွေ သွားပို့တာ ရှိတယ်ပေါ့။ ဒါပေမဲ့ သူတို့ ကျနော်တို့ ပို့တဲ့ဟာနဲ့တော့ မလောက်နိုင်ဘူးပေါ့။ ဆိုတော့ ကျနော်တို့ ဆန်တွေပဲ ပို့ပေးနိုင်တယ်။ နောက်ပြီးတော့မှ အသုံးအဆောင်ပစ္စည်းတွေလည်း ကျနော်တို့ အလုံအလောက်တော့ မပို့ပေးနိုင်ဘူး။ ခြင်ထောင်တို့ ဘာတို့ဆိုလည်း ကျနောတို့ အားလုံးအတွက် မပေးပို့လှူဒါန်းနိုင်ဘူး။ နောက်ပြီးတော့မှ သူတို့အများစုက လိုချင်တာက အခုကိုဗစ်လည်း ဖြစ်နေတော့ အရက်ပြန်ပါတဲ့ ပိုးသတ်ဆေးတို့ ဘာတို့ သူတို့လိုချင်တယ်။ သူတို့ဂိတ်တွေမှာ ဝင်လာတဲ့ကားတို့ ပစ္စည်းတို့ကို ပိုးသတ်ဆေးဖျန်းပြီးတော့မှ သူတို့စခန်းကို ဝင်ခိုင်းစေချင်တဲ့အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ ပစ္စည်းတွေ၊ ဆေးတွေ မရှိဘူးပေါ့။ အဲဒီအပိုင်းနဲ့ ကျနော်တို့ လိုက်ချိတ်ကြည့်တော့လည်း အဲ့အပိုင်းလည်း ကျနော်တို့ မကူညီပေးနိုင်ဘူးပေါ့"

ကယားပြည်နယ်မှာ အခုသြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ အင်အားတိုးချထားမှုတွေကြောင့် ကရင်နီ တပ်မတော်(KA)၊ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲငယ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကလည်း ဘောလခဲမြို့နယ် မဲစလောင်းတောင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

"အချင်းချင်း အပြန်အလှန် ကူညီနိုင်တဲ့ပုံစံမျိုးတွေ ဆက်ဖြစ်အောင်တော့ ကြိုးစားပေးပါ။ အဲဒါလေးလည်း ပန်ကြားချင်တယ်"

ဒေသခံပြည်သူတွေ ထိခိုက်မှုနည်းအောင် ကြိုးစားပြီးတိုက်နေတယ်လို့ အမည်မဖော်လိုတဲ့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲဖော်တဲ့နေရာမှာ အဓိကလူထုတွေနဲ့ ဝေးတဲ့နေရာမှာ ဖြစ်အောင် ကျနော်တို့ ကြိုးစားတယ် ပေါ့လေ။ တိုက်ပွဲဆိုတဲ့ ဟာမျိုးကတော့ ကျနော်တို့ လက်ဦးမှုတွေ ရယူနိုင်တဲ့ အခြေအနေတွေ ကျနော်တို့ ဖော်တယ်။ ဖော်တဲ့အချိန်မှာတော့ ရပ်ရွာနဲ့ နီးတဲ့ဟာမျိုးတွေ ဖြစ်လာနိုင်တယ်။ ဖြစ်လည်းဖြစ်နေခဲ့တာပေါ့ တစ်ခါတစ်ခါ။ ဘယ်လိုဖြစ်ဖြစ် နားလည်မယ်လို့ ယူဆတယ်။ အချင်းချင်း အပြန်အလှန် ကူညီနိုင်တဲ့ပုံစံ မျိုးတွေ ဆက်ဖြစ်အောင်တော့ ကြိုးစားပေးပါ။ အဲဒါလေးလည်း ပန်ကြားချင်တယ်"

စစ်ဘေးဒုက္ခသည်တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရလို့ နိုင်ငံတကာအသိုင်းအဝိုင်းက အကူအညီပေးကြဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး (၁) ဦးဒယ်နီယာယ်က ပြောပါတယ်။

"လူထုက ဒုက္ခရောက်လို့ပေါ့နော်။ တကယ်လိုအပ်လို့ပဲ ထုတ်တာပါနော်။ နောက်မှ ဒီစစ်တပ်ရဲ့ လုပ်ရပ်တွေက လူ့အခွင့်အရေး တကယ်ချိုးဖောက်လို့ပဲ ထပ်မံထုတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အဲလိုမျိုး မလုပ်ဘူးဆိုရင် အပြည်ပြည်ဆိုင်ရာကလည်း သိမှာမဟုတ်ဘူး။ တပ်ကလည်း ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေမယ်။ အဲဒီတော့ ကျနော်တို့ကနေ လူထုကို အကာအကွယ်ပြုပေးနိုင်တဲ့ နည်းလမ်းတွေကို ရှာပြီးတော့မှ စာတွေ ထုတ်ထားတာဖြစ်တယ်"

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၁၃၃၆ ဦးရှိပြီး သေဆုံးသူ ၆၂ ဦးရှိတယ်လို့ ကယား ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးဌာနမှူး ဒေါက်တာ ဌေးလွင်ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုသလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကလည်း မြန်မာနိုင်ငံမှာ လူထုအသိုင်းအဝိုင်းအတွင်းနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ပဋိပက္ခဒဏ်ကို ခံစားနေကြရတဲ့အပြင် အကူအညီလိုအပ်မှုတွေလည်း ရှိနေတယ်၊ အဲဒီနေရာတွေမှာ ကိုဗစ်ဖြစ်ပွားမှုကြောင့် လူသားချင်းစာနာမှု အခြေအနေလည်း ဆိုးရွားနေတယ်လို့ သြဂုတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။