သတင်းသမားသုံးဦးကို ရုံးထုတ်


2017.07.28
three-reporters-622.jpg သတင်းသမားတွေကို ဇူလိုင်လ ၂၈ ရက်နေ့က အချုပ်ကားပေါ်မှာ တွေ့ရစဉ်
Photo: Kan Thar/RFA

မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုခံထားရတဲ့ သတင်းသမားသုံးဦး အပါအဝင် စုစုပေါင်း ၆ ဦးကို ဒီကနေ့သီပေါမြို့နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို စတင်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ နမ့်ဆန်မြို့အခြေစိုက် အမှတ် ၂၅၄ ခြေမြန်တပ်ရင်းက ဗိုလ်ကြီးသက်နိုင်ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့တရားရုံးမှာ သတင်းထောက်တွေရဲ့ ကင်မရာတွေထဲမှာ ရိုက်ကူးထားတဲ့ TNLA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား ရုပ်သံဖိုင်တွေကို တရားလိုဘက်က သက်သေအဖြစ် တင်သွင်းခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ dvb သတင်းထောက်တွေအတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်း ကပြောပါတယ်။

DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ ဦး အပါအဝင် ဖမ်းဆီးခံထားရသူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်းဆေးဝါး တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ သတင်းယူပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို အခုလ ၁၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် စီစဉ်ထားတဲ့ရက်ထက် ငါးရက်ကြိုတင်ပြီး ဇူလိုင်လ ၇ ရက်နေ့မှာ ရုံးထုတ်ခဲ့သလို နောက်ထပ်ရုံးထုတ်ကိုလည်း ၂၁ ရက်နေ့မှာ ရုံးထုတ်ဖို့ စီစဉ်ခဲ့ပေမယ့် သုံးရက်ကြိုတင်ပြီး ဇူလိုင် ၁၈ ရက်နေ့မှာရုံးထုတ်ခဲ့ပါတယ်။

လက်ရှိ သတင်းသမားတွေကို စွဲဆိုထားတဲ့အမှုဟာ အာမခံပေးလို့ရတဲ့ အမှုမျိုးဖြစ်ပြီး ရှေ့နေတွေရဲ့ အာမခံလျှောက်ထားမှုနဲ့ပတ်သက်ပြီး အာမခံရမရ ဆိုတာကိုတော့ နောက်လ ၄ ရက်နေ့ရုံးချိန်းမှာ တရားသူကြီးက အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။