အသရေဖျက်မှုပုဒ်မနဲ့ တပ်မတော်က တရားစွဲဆိုထားသူ ၃ ဦးထဲက ၁ ဦးကို ပြစ်ဒဏ်လျော့
2019.03.29

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေးအတွက် ဆန္ဒထုတ်ဖော်မှု ဖြစ်မြောက်ရေး ကော်မတီဝင် ဖြစ်တဲ့ ဒေါ်နန်ပူ၊ ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ သုံးဦးကို တပ်မတော်ကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီကို ဒီဇင်ဘာလ ၇ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမှုကို ခရိုင်တရားရုံးမှာ အယူခံတင်ခဲ့တာကို ပလပ်ခံရပြီးနောက် ကချင်ပြည်နယ် တရားလွှတ်တော်ကို ရာဇဝတ်ပြင်ဆင်မှုအဖြစ် ပြန်လည်လျှောက်ထားရာ အခုလို ပြန်လည်အမိန့်ချခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်ဒွဲဘူက ပြောပါတယ်။
"ဒီနေ့ စီရင်ချက်ကတော့ မူလမြို့နယ် တရားရုံးရဲ့ အမိန့်ကို အတည်ပြုတယ်၊ ဦးလွန်းဇောင်းနဲ့ ဦးဇော်ဂျတ်ကိုတော့ မူလတရားရုံးအတိုင်း အတည်ပြုတယ်ပေ့ါနော်၊ ဒေါ်နန်ပူနဲ့ပတ်သက်ပြီးတော့ ငယ်ရွယ်သူ အမျိုးသမီး တစ်ဦးဖြစ်ပြီးတော့ ကျန်းမာရေးမကောင်းတာကို ကျွန်မတို့ ရှေ့နေတွေ တင်ပြခဲ့တယ်၊ အဲဒါကြောင့် သူ့ကိုတော့ မူလရုံးကချမှတ်တဲ့ ၆ လအစား ၄ လ ပြောင်းလဲသတ်မှတ်လိုက်တယ်၊ အခုအယူခံနဲ့ ပတ်သက်ပြီးတော့ တစ်စိတ်တစ်ဒေသကို လက်ခံပြီးမှ ပြင်ဆင်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ ဒီလိုပဲ ပြောရမှာဖြစ်ပါတယ်"
လက်ရှိမှာ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူ သုံးဦးဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရပြီး ဒေါ်နန်ပူကတော့ ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်အရ လာမယ့် ဧပြီ ၇ ရက်နေ့မှာ လွတ်မြောက်လာမှာဖြစ်ပါတယ်။
ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျတ်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး ကာယကံရှင်နှစ်ဦးရဲ့ သဘောဆန္ဒကို မေးမြန်ပြီး နေပြည်တော် တရားရုံးကို ဆက်တက်သွားမှာဖြစ်တယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။
"ကျန်တဲ့ ၂ ယောက်နဲ့ ပတ်သက်ပြီးမှတော့ အခုက ထောင်ထဲမှာ ၄ လနီးပါးတော့ ရှိလာပြီပေါ့လေ၊ သူတို့ရဲ့ သဘောကို မေးမြန်းပြီးမှ ဒီကနေဆက်ပြီး နေပြည်တော် ရုံးဘက်ကို ထပ်ပြီးတော့ အယူခံ တက်လို့ရပါတယ်"
တိုက်ပွဲကြား ပိတ်မိပြည်သူလွတ်မြောက်ရေးအတွက် ပြီးခဲ့နှစ် မေလက မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်လို့ ဦးဆောင်သူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါ့တယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ပွဲအတွင်း ပြည်သူတွေကို ပိတ်မိအောင်ပြုလုပ်တာ တပ်မတော်ဖြစ်တယ်၊ ပိတ်မိပြည်သူကို ဖမ်းစီးနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်တာ တပ်မတော်ပါလို့ ပြောဆိုခဲ့တဲ့အပေါ် မြေပြင်အခြေအနေကို မသိဘဲ တပ်မတော်ကို ပြည်သူအထင်အမြင်လွဲအောင် စွပ်စွဲပြောဆိုတယ်ဆိုပြီး အသရေဖျက်စေမှု ပုဒ်မ (၅၀၀) နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက တရာလိုပြုလုပ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။