ခုံသမာဓိရုံး ဆုံးဖြတ်ချက် စက်ရုံက လိုက်နာဖို့ ပျက်ကွက်


2015.05.19

အခြေခံလုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်စက်မှုဇုန် ၃က Costec အထည်ချုပ်စက်ရုံ အလုပ်သမား ၁၅ဝ ကျော်ကို ခုံသမာဓိရုံးက လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ အလုပ်ရှင်က အလုပ်သမားတွေကို လက်မခံဘူးလို့ သိရပါတယ်။

ခုံသမာဓိရုံး ဆုံးဖြတ်ချက်ကို အလုပ်ရှင်ဖက်က ငြင်းဆန်နေတာဖြစ်ကြောင်း Costec အထည်ချုပ်စက်ရုံ အလုပ်သမ မအေးစန္ဒာဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးက Costec စက်ရုံအလုပ်သမား ၁၅၀ ကျော်ကို ရက်ပေါင်း ၃၀ အတွင်း မူလရာထူးအတိုင်း လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြဖို့ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုသူတွေအနေနဲ့ ခုနှစ်ရက်အတွင်း အယူခံဝင်နိုင်ကြောင်းလည်း ကြေညာ ထားတယ်လို့ သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန် ၃ က Costec ၊ E- Land Myanmar နဲ့ Ford Glory အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ ကျပ်သုံးသောင်းတိုးပေးဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာစက်ရုံတွေက အလုပ်ကနေ ထုတ်ပယ်ထားတဲ့အပြင် တချို့အလုပ်သမားတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု စတဲ့ပုဒ်မတွေနဲ့လည်း တရားရင်ဆိုင်နေရပါတယ်။

E- Land Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေကတော့ ညှိနှိုင်းမှုပြေလည်သွားတာကြောင့် လုပ်ငန်းခွင်ထဲ ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။