ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ

လုဆိုင်း
2021.01.07
ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်တွင် ၂ဝ၂ဝ ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိ အစစ်ဆေးခံရန် စောင့်ဆိုင်းနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ။
Photo: AFP

ထိုင်းနိုင်ငံမှာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား၊ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပြီး ပိုးတွေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်လောက်ကို ယာယီကုသဆောင်မှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။

မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ အပါအဝင် ခရိုင်တခုလုံးကိုလည်း ဇန်နဝါရီ လ ၃၁ ရက်နေ့ထိ အသွားအလာ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ မဲဆောက်မြို့မှာ ကိုဗစ်ပိုးကူးစက်သူ ၁၇ ဦးအထိ ရှိလာခဲ့လို့ မြို့ကို အနီရောင်အဆင့်ထိ သတ်မှတ်ထားပါတယ်။ ကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံး ပါဝင်နေပါတယ်။

မဲဆောက်အပါအဝင် ၂၈ ခရိုင်ကို အသွားအလာကန့်သတ်ထားပေမယ့် ထိုင်းမြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားပေါ်ကနေ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုတွေတော့ ပုံမှန်ရှိနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်မှု ပထမလှိုင်းကို အကောင်းဆုံး ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးသူ ၅၉ ဦးသာ ရှိခဲ့ပေမယ့် အခုဒုတိယလှိုင်းမှာ ဒီနေ့အထိ ကူးစက်မှု ကိုးထောင်ကျော်ရှိခဲ့ပြီး ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၇ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိသူ လူနာသစ် ၃၀၅ ဦး ရှိပြီး ၁၉၃ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ၉၆ဝဝကျော်ရှိပြီး သေဆုံးသူ ၆၇ ဦးအထိ ရှိလာ ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။