ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ
2013.03.19

လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေ ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေအတွက် ကျပ်ငွေသိန်းပေါင်း ၄၆ဝဝဝ ကျော် လျော်ကြေးပေးမယ် လို့ ကြေညာခဲ့တဲ့နောက်၊ မတ်လ ၁၅ရက်နေ့က စပြီး လျော်ကြေးငွေတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။
လျော်ကြေးရယူခဲ့ကြတဲ့ရွာတွေဟာ လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော်မတီက သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။
လျော်ကြေးငွေမထုတ်သေးတဲ့ ရွာတွေကတော့ သူတို့အနေနဲ့ ကော်မတီဝင်တွေ လာရောက်ရှင်းပြတာကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ တုံရွာဟောင်းက မအေးနက် က အခုလို ပြောပါတယ်။
"စောင့်ကြည့်နေမယ်ဆိုတဲ့ သဘောပေ့ါ။ ပွင့်လင်းမြင်သာအောင် ဘာတွေချပြမလဲ။ လူမှုရေး၊ စီးပွားရေးကို ပိုကောင်းအောင် ဘာတွေလုပ်ပေးနိုင်မလဲ၊ နောင်လာနောက်သားသမီးတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို သူတို့ဆွေးနွေးတဲ့အချိန်မှာ ကျွန်မတို့လဲ ပြန်ဆွေးနွေးရမှာပေါ့"
လက်ပံတောင်းတောင် မြောက်ဘက်တောင်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ကျော်ရွာက၊ လယ်မြေအသိမ်းခံရသူ ၇၀ ရှိတဲ့အနက် ၅၀ က လျော်ကြေးငွေယူလိုက်ပါတယ်။
လျော်ကြေးယူလိုက်သူတွေရဲ့ ယာမြေတွေဟာ ကြေးနီမိုင်းက မြေစာတွေပုံထားတဲ့လယ်မြေတွေဖြစ်သလို တချို့ကျင်းတွေတူးထားပြီးတဲ့ မြေတွေဖြစ်တာကြောင့် လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့လယ်မြေတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူတခြားရွာတွေမှာလည်း လျော်ကြေးငွေ လက်ခံသူအများစုဟာ အသိမ်းခံမြေတွေမှာ လုပ်ကိုင်စားသောက်လို့မရအောင် ပျက်စီးနေပြီဖြစ်တဲ့အတွက် လျော်ကြးလက်ခံခဲ့ကြတယ်လို့ ကျော်ရွာသား ဦးကိုနိုင်က ပြောပါတယ်။
ပြန်လည်လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တဲ့ယာမြေအတွက် တဧကကို ကျပ်ငွေ ၁၀သိန်းရတာကြောင့် လျော်ကြေးငွေယူလိုက်တယ်လို့ ကျော်ရွာသားတဦးကပြောပါတယ်။ လက်ပံတောင်းတောင်ဒေသမှာ အသိမ်းခံမြေများ လျော်ကြေးလက်ခံယူကြတာနဲ့ပတ်သက်ပြီး လျော်ကြေးရယူခဲ့သူ ကျော်ရွာသား ဦးကိုနိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။