မန္တလေးဟောပြောပွဲ ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ တက်ရောက်မည်
2014.04.29

လာမယ့် မေလ ၁၈ ရက်နေ့ မန္တလေးမြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။
အဲ့ဒီဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် လူများများဆန့်တဲ့နေရာရဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်ထွတ်ဦးက ပြောပါတယ်။
"မေလ ၁၈ ရက်နေ့ကို လူထုဟောပြောပွဲလုပ်မယ်ဗျာ၊ ပြီးခဲ့တဲ့ ၂ဝ၁၂ တုန်းကတော့ အောင်ပင်လယ်ကွင်းမှာ အဆင်ပြေခဲ့တယ်ဗျ၊ လူများများဆံ့တဲ့ကွင်းမျိုးရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ စည်စည်ကားကားရှိဖို့ ပိုများသွား ပါတယ်၊ ဒါကြောင့် အစောပိုင်းက ဆန္ဒဖော်ထုတ် ပွဲတွေ လုပ်ချင်တာတောင်မှ ထိန်းထားပြီးတော့ ဒီလိုပွဲမျိုးကို လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပေါ့၊ ဖြစ်နိုင်ရင် ကျနော်တို့က အထက်ဗမာပြည် ကိုယ်စားပြုပွဲမျိုးဖြစ်အောင်ကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ စီစဉ်ထားတာပါ"
အဲဒီလူထုဟောပြောပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းစီစဉ်ကြတာ ဖြစ်ပါတယ်။
အဲဒီ ဟောပြောပွဲရဲ့ အဓိကရည်ရွယ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဟောပြောကြမှာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြင်ဆင်နိုင်ဖို့အတွက် ၃ ကြိမ်လောက် တွေ့ ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။