အီဂျစ်နှင့် မြန်မာ လူထုလှုပ်ရှားမှု နှိုင်းယှဉ် ဆွေးနွေးပွဲ ကျင်းပ

အီဂျစ်နိုင်ငံမှာဖြစ်နေတဲ့ လူထုအုံကြွမှုကြီးလိုမျိုး မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်ခဲ့တာကြောင့် နှိုင်းယှဉ်လေ့လာဖို့ သုံးသပ်ဆွေးနွေးပွဲတခု အမေရိကန်ပြည်ထောင်စု နယူးယောက်တက္ကသိုလ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ကျင်းပခဲ့ပါတယ်။

2011.02.14
egypt_unrest_tanks_305_z.png အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်ရှိ လမ်းမတခုပေါ်တွင် စီတန်း ရပ်နေသော တင့်ကားများ ပတ်လည်တွင် ဆန္ဒပြ လူအုပ်ကို ဆန္ဒပြပွဲများ ၆ ရက်မြောက် ဇန်နဝါရီ ၃၀ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီဆွေးနွေးပွဲမှာ အီဂျစ်တော်လှန်ရေး စတင်ခဲ့တဲ့ လူငယ် ကျောင်းသား ခေါင်းဆောင်တွေလည်း ဗီဒီယို တယ်လီ ကွန်ဖရင့်ကတဆင့် တိုက်ရိုက် ဆွေးနွေးမှာ ဖြစ်တယ်လို့ မြန်မာ ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုနေတင်မြင့်က ပြောပါတယ်။

“အချက် ၃ ချက်အနေနဲ့ ကျွန်တော်တို့ ဆွေးနွေးကြမယ်၊ ပြောဆိုကြမယ်ပေါ့။ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ အဲဒီတုန်းက ဦးဆောင်ပြီးတော့ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ကျွန်တော် နေတင်မြင့်ရယ်၊ နောက် ကိုမိုးသီးဇွန်ရယ် ဆွေးနွေးပြီးတော့ ၂၀၀၇ ကျွန်တော်တို့ သံဃာ့ အရေးအခင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆရာတော် ဦးပညာဇောတက ဆွေးနွေးမှာ ဖြစ်ပါတယ်။”

“အဲဒီလို ဆွေးနွေးတဲ့အခါမှာ တဖက်က အီဂျစ်မှာ အခုလက်ရှိ လှုပ်ရှားတက်ကြွသူ ကျောင်းသားခေါင်းဆောင်တွေက လေလှိုင်းကတဆင့် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ၈၈ အရေးအခင်းနဲ့ အီဂျစ်နိုင်ငံရဲ့ လူထု အုံကြွမှုကို နှိုင်းယှဉ်ဖော်ပြမှာ ဖြစ်ပါတယ်။ ဘာကြောင့်၊ ဘယ်လိုကြောင့် အမြန်ဆုံး အောင်မြင်လာခဲ့သလဲ၊ နောက် ဘယ်လိုကြောင့် ကြန့်ကြာသွားသလဲ၊ ကျွန်တော်တို့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက ဘယ်လောက် အရေးကြီးသလဲ၊ အကျိုးသက်ရောက်မှု ရှိသလဲ ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် နှစ်နိုင်ငံ လူထုအုံကြွမှုရဲ့ အားနည်းချက်၊ အားသာချက်တွေကို နှိုင်းယှဉ် လေ့လာ ပြောဆိုကြမှာ ဖြစ်တယ်လို့လည်း ကိုနေတင်မြင့်က ဆိုပါတယ်။

လက်ရှိ အီဂျစ်နိုင်ငံမှာ သမတ မူဘာရက် ရာထူးက နုတ်ထွက်သွားပြီး ကာကွယ်ရေးဝန်ကြီး ဦးဆောင်တဲ့ စစ်ကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းထားပါတယ်။

တူနီးရှားနိုင်ငံက စတင်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အသွင်ပြောင်းလဲရေး လူထုဆန္ဒပြပွဲတွေဟာ အီဂျစ်၊ ယီမင်၊ အယ်ဂျီးရီးယား၊ ဂျော်ဒန်၊ ဘာရိန်း၊ ဆူဒန် စတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေကို ကူးစက် ပြန့်ပွားသွားခဲ့ပါတယ်။

နယူးယောက်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က သတင်း စုစည်း တင်ပြထားပါတယ်။

အီဂျစ်နှင့် မြန်မာ လူထု အုံကြွမှုများ
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။