ဘားအံမှာ ကျောက်မီးသွေး စက်ရုံ လေ့လာဆန်းစစ် မှု ပြုလုပ်မည်
2017.06.18

မွန်ပြည်နယ် ရေးမြို့နယ်မှာ ဆောက်လုပ်ခွင့်မရခဲ့တဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကို ကရင်ပြည်နယ် ဘားအံမြို့မှာ ဆောက်လုပ်ဖို့အတွက် ကြိုတင်လေ့လာဆန်းစစ်မှုတွေ ဆောင်ရွက် ဖို့ ပြည်နယ်အစိုးရနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ကရင်ပြည်နယ်မှာ ဓာတ်အားထုတ်လုပ်တာတွေ မရှိတဲ့အတွက် ပြည်နယ်ရဲ့ ဓာတ်အားလိုအပ်ချက်ကြောင့် သဘောတူလိုက်တာလို့ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးလှိုင် က ပြောပါတယ်။
"ကြိုတင်လေ့လာဆန်းစစ်မှု လုပ်ဖို့အတွက် တိုယိုထိုင်းကုမ္ပဏီကို ကျနော်တို့က သတ်မှတ်ပေးထား တာပေါ့။ ကျနော်တို့ ပြည်နယ်အတွင်းမှာ ဓာတ်အားထုတ်လုပ်တဲ့စက်ရုံ တစ်ရုံမှ မရှိပါဘူးခင်ဗျ။ နောက် ကိုယ့်ပြည်နယ်အတွင်းမှာလည်း ဓာတ်အားထုတ်လုပ်မှုတွေ လိုအပ်ပါတယ် ခင်ဗျ။ နောက်တစ်ခုက နိုင် ငံတော်ရဲ့ ဓာတ်အားစနစ်လိုအပ်ချက်မှာလည်း ကျနော်တို့က ပြည်နယ်တစ်ခုအနေနဲ့ ဝင်ပြီးဖြည့် ဆည်းပေးတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ကူညီဆောင်ရွက်တာပါခင်ဗျ"
တိုယိုထိုင်းကုမ္ပဏီဟာ လေ့လာဆန်းစစ်ချက်နဲ့ လူထုသဘောတူညီမှုရအောင် လုပ်ဆောင်ရမှာဖြစ်ပြီး တကယ် လို့ ဒေသခံပြည်သူတွေက ကန့်ကွက်ရင် ပြည်နယ်အစိုးရဘက်က စီမံကိန်းကို လက်ခံမှာ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။
တိုယိုထိုင်းကုမ္ပဏီက ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်ကမ်းဘေးမှာ တည်ဆောက်ဖို့အတွက် လေ့လာ ဆန်းစစ်ချက်တွေ စတင်လုပ်ဆောင်နေပြီး ဒီလအတွင်းမှာ ဒေသခံလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
တိုယိုထိုင်းကုမ္ပဏီဟာ မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာမှာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆောက်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာကြောင့် ကရင်ပြည်နယ်ကို ရောက်ရှိ လာတာဖြစ်ပါတယ်။ ဘားအံမြို့မှာ ၁၂၆ဝ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ လျာထားပြီး ရင်းနှီးမြုှပ်နှံမှု ပမာဏကိုတော့ လေ့လာဆန်းစစ်ချက်တွေ ပြီးစီးမှ သိရမှာဖြစ်ပါတယ်။