ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ ပညာရှင်များ ကန့်ကွက်


2014.06.30

ကျောက်မီးသွေးလောင်စာကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်မယ့် စက်ရုံတွေကို ကန့်ကွက်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ဒီနေ့ ကန့်ကွက်လိုက်ကြပါတယ်။

နေပြည်တော်မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဒီနေ့ တွေ့ဆုံဆွေးနွေး စဉ် ကျောက်မီးသွေးအစား တစ်ခြားလောင်စာသုံးစွဲဖို့ ဆွေးနွေးခဲ့ကြောင်း Eco-Dev အဖွဲ့ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောပါတယ်။

"ဘာနည်းပညာသုံးသုံး ကျနော်တို့နိုင်ငံမှာ သန့်ရှင်းတဲ့ အစိုးရမရှိသေးဘူးလို့ ကျနော်ယုံကြည်တယ်၊ ဒီလိုမျိုး လုပ်တာဟာ အင်မတန်မှ အန္တရာယ်များတယ်အလုပ်လို့ ကျနော်မြင်နေပါတယ်၊ ကျနော်တို့ မျက်စိအမြင် အနေနဲ့ကတော့ မလုပ်သင့်ဘူး၊ မလုပ်သင့်ဘူးဆိုရင် ဘာလုပ်ရမလဲဆိုတော့ ဒီနည်းတစ်ခုတည်း ကျောက် မီးသွေးမှသာလျှင် အဖြေမဟုတ်ဘူး ဒီ့ပြင်အဖြေတွေလည်း ရှိနိုင်ပါသေးတယ် ဒါလေးကို စဉ်းစားပြီးမှ သာလျှင် အကောင်းဆုံးကို ရွေးပါလား နောက်ဆုံးမဖြစ်နိုင်မှ ဒါအကောင်းဆုံးဆိုရင်လည်း ပြည်သူလူထု လက်ခံလာအောင် ဘယ်လိုဝိုင်းလုပ်ကြမလဲ ဒါကို ကျနော်က မျော်လင့်တာပေါ့"

အစိုးရနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေက မွန်ပြည်နယ် ရေးမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ရန်ကုန် တိုင်းဒေသကြီး ထန်းတပင် နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ကျောက်မီးသွေးလောင်စာ စက်ရုံတွေ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကျောက်မီးသွေး စက်ရုံတွေက စွန့်ပစ်လိုက်တဲ့ မီးခိုးငွေ့တွေကို နည်းပညာပိုင်းဆိုင်ရာသုံးပြီး သန့်စင်သွားမှာဖြစ် တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ အကျိုးတူ ကုမ္ပဏီတွေဘက်က ပညာရှင်တွေက ဒီနေ့ ရှင်းလင်းပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေကလည်း နည်းပညာတွေကြောင့် တစ်စုံတစ်ရာလွဲချော်ခဲ့ရင် စက်ရုံအနီးတစ်ဝိုက်က ပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကို ပြန်လည်ဖြေရှင်းဖို့အတွက် အခက်အခဲတွေရှိနိုင်ကြောင်း ထောက်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ဦးဝင်းမျိုးသူ ကို RFA သတင်းထောက် ကိုကျော်သူ မေးမြန်းချက်ကို နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။