စစ်ကောင်စီအပေါ် လက်တွေ့ကျတဲ့ အရေးယူအပြစ်ပေးဖို့ CNF တောင်းဆို
2023.04.28

အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီအပေါ် လက်တွေ့ကျကျ အရေးယူ အပြစ်ပေးဖို့ ချင်းအမျိုးသားတပ်ဦး CNF က နိုင်ငံတကာကို ဧပြီ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၂၇ ရက်နေ့ညနေက ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ကလေး နှစ်ဦးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ CNF က ကြေညာချက်ထုတ်ပြန်ရာမှာ နိုင်ငံတကာကို တောင်းဆိုလိုက်တာပါ။
စစ်ကောင်စီဟာ ချင်းလူမျိုးတွေအပေါ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်တာလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“အဓိကက ဘာမှမဆိုင်တဲ့ လက်နက်မဲ့ ပြည်သူလူထုကို အခုလိုအကြမ်းဖက်တိုက်ခိုက်တာက စစ်ကောင်စီရဲ့ အရက်စက်ဆုံး စစ်ရာဇဝတ်မှုကျူးလွန်မှုတစ်ခုလို့မြင်တယ်။ လက်နက်ကိုင်အချင်းချင်း လေယာဉ်နဲ့သော်လည်းကောင်း ဘာနဲ့ဖြစ်ဖြစ် တိုက်ပါ၊ ဒါပေမဲ့ အပြစ်မဲ့ပြည်သူတွေကို အဲဒီလိုမျိုး အကြမ်းဖက်တိုက်တာကတော့ ကျွန်တော်တို့ ချင်းတွေအပေါ် တကယ့်ကို လူမျိုးတုံးသတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုလို့ပဲ မြင်တယ်။”
၂ဝ၂၃ နှစ်စကတည်းက စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပိုများလာပြီး ဧပြီလမှာတော့ လေကြောင်းကနေ တိုက်ခိုက်မှု ပိုမြင့်တက်လာတာလို့လည်း သူက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တလန်လိုကျေးရွာဟာ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်နဲ့ ရှစ်မိုင်ခန့်သာဝေးပြီး အဲဒီအချိန်က နှစ်ဖက်တိုက်ပွဲမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းဆောင် ၃ဆောင်နဲ့ လူနေအိမ် အလုံး ၃၀ ကျော်လည်း ပျက်စီးခဲ့ပါတယ်။ တလန်လိုကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၄၅ဝ ကျော်နေထိုင်တဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
ချင်းပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းတွေအရ ဧပြီလအတွင်း စစ်ကောင်စီတပ်က ချင်းပြည်နယ်ကို လေကြောင်းကနေ ၄၇ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၈ဝ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။