ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝန်း အရပ်သားတစ်ရာကျော် သေဆုံး
2025.02.28

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သား၁၀၆ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကဖေဖော်ဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက "သေဆုံးသူတွေထဲမှာ လေကြောင်းတိုက်ခတ်မှုကြောင့် သေဆုံးတာအများဆုံး ဖြစ်လိမ့်မယ်လို့" ပြောပါတယ်။
AAPP ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ အမျိုးသမီး ၅၃ ဦးနဲ့ အမျိုးသား ၅၃ ဦး စုစုပေါင်း ၁၀၆ ဦးသေဆုံးပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦး ပါဝင်တယ်လို့လည်း ရေးသားထားပါတယ်။
ဒီအထဲမှာ မကွေးတိုင်းက ၂၇ ဦးနဲ့ သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းက ၂၆ ဦနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသလို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၈ ဦး သေဆုံးခဲ့ရတာလို့လည်း ရေးသားထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်တာကြောင့် ဒေသခံခြောက်ဦး ဗုံးစထိမှန်ကာ နေရာမှာ သေဆုံးခဲ့ပြီး တစ်ဦးကတော့ ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ လေးနှစ်ကျော်အတွင်း AAPP စာရင်းတွေအရ စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိပါတယ်။