မုံရွာ-မန္တလေးလမ်းနဲ့ ချောင်းဦး-ပခုက္ကူလမ်းကို သွားလာခွင့် ယာယီပိတ်

RFA Burmese
2025.02.16
မုံရွာ-မန္တလေးလမ်းနဲ့ ချောင်းဦး-ပခုက္ကူလမ်းကို သွားလာခွင့် ယာယီပိတ် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဥ်။
Facebook/ Chaung U People's Defence Force Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းနဲ့ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်းတို့ကို အရပ်သားပြည်သူလုံခြုံရေးအရ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး ယာယီပိတ်ထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ပြောပါတယ်။

မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို စစ်ဆင်ရေး ဖော်ဆောင်တဲ့နေရာမှာ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် အန္တရာယ် ရှိနိုင်တာကြောင့် ယာယီ ပိတ်ထားလိုက်တာလို့ ဆိုပါတယ်။

စစ်ဆင်ရေးမှာ အဓိက အရေးပါတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်အတွင်းပိုင်းက လမ်းတွေကိုသာ ပိတ်တာလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ရှင်းပြပါတယ်။

“ဖေဖော်ဝါရီ ၁၅ နေ့ကတည်းက ဒီလမ်းပိုင်းတွေကို ယာယီအနေနဲ့ ပိတ်ခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်အတွင်းမှာပါတဲ့ လမ်းပိုင်းကို ပိတ်တာပါ၊ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) အနီးမှာလည်း တိုက်ပွဲတွေ ဖော်ဆောင်ရတာ ပြည်သူတွေ ထိခိုက်မှာစိုးလို့ပါ။ အဓိကကတော့ လမ်းပေါ်သွားလာနေတဲ့ပြည်သူတွေနဲ့ ပြည်သူပိုင် မော်တော်ယာဥ်တွေကို မထိခိုက်စေချင်တာပါ။ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း ပြည်သူတွေကို နည်းမျိုးစုံနဲ့ အသုံးချပြီး လမ်းပေါ်တက်လာတဲ့ ပြည်သူတွေကို ပေါ်တာလည်း ဆွဲနေလို့ ပိတ်ထားတာပါ”

ပြည်သူတွေအနေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်သေးခင် အချိန်အထိ အဲဒီလမ်းပိုင်းတွေကို အသုံးမပြုဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒါ့အပြင် မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက ရွာတွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်နေတာကြောင့် ရွာပေါင်း ၁၂ ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။