နှစ်နှစ်ကျော်အတွင်း အရပ်သား လေးထောင်နီးပါး အသတ်ခံရကြောင်း NLD ထုတ်ပြန်

RFA Burmese
2023.06.13
နှစ်နှစ်ကျော်အတွင်း အရပ်သား လေးထောင်နီးပါး အသတ်ခံရကြောင်း NLD ထုတ်ပြန် ၂ဝ၂၁ ခုနှစ် မတ်လအတွင်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ သုံးဦး၏ ဈာပနအခမ်းအနား မြင်ကွင်းတစ်ခု။
AFP

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း NLD ပါတီလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနဲ့ ပါတီဝင် ၉၃ ဦးအပါအဝင် အရပ်သား လေးထောင်နီးပါးကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဇွန်လ ၁၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီစာရင်းဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။
 
NLD အနေနဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ပြောပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ ၉ဝ နီးပါး တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၀၀ နီးပါးသေဆုံးပြီး ၁၅ဝ ကျော် ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

NLD လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပါတီဝင်တွေ၊ အရပ်သားပြည်သူ စုစုပေါင်း ၆၂၅ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှစ်နှစ်ကျော်အတွင်း NLD ရဲ့ စာရင်းအရ အရပ်သားပြည်သူတွေရဲ့နေအိမ်တွေ အကြိမ်ရေ ၁၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဆောက်အအုံပေါင်း ငါးသောင်း သုံးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

NLD ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျုကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေး သုတေသနအင်စတီကျု (PRIO) က ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်အထိ လပေါင်း ၂ဝ အတွင်း အရပ်သားခြောက်ထောင်ကျော် (၆၃၃၇ ဦး) သတ်ဖြတ်ခံရပြီး နှစ်ထောင်ကျော် (၂၆၁၄ ဦး) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။