လက်နက်ကြီးကြောင့် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမှာ အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.01.06
လက်နက်ကြီးကြောင့် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမှာ အရပ်သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် ပေါက်တောမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇန်နဝါရီလ ၅ ရက် မနေ့ညပိုင်းကနေ ဒီကနေ့ မနက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၅ နာရီခွဲဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကွင်းတောင်ရွာ၊ အမြင့်ကျွန်း တံတားအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၆၃ နှစ်အရွယ် ဦးမောင်စိုး သေဆုံးခဲ့ပါတယ်။

ပေါက်တောမြိုနယ်၊ တောင်းဖူးရွာမှာလည်း ဇန်နဝါရီလ ၅ ရက် မနေ့ ညနေပိုင်းမှာ လက်နက်ကြီးကျည် ပေါက်ကွဲပြီး အသက် ၃၀ အရွယ် ဒေါ်ဦးဝင်းသာနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ဦးအေးသန်းတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက် သူတစ်ဦးက ပြောပါတယ်။

“ဦးမောင်စိုးက ပွဲချင်းပြီးပဲ ဒီနေ့မနက်မှာ လက်နက်ကြီးထိပြီး သေသွားတာ။ ပေါက်တော တောင်းဖူးရွာက ဒေါ်ဦးအေးသန်းက ညာဘက်လက်မောင်းနဲ့ ဒူးဆစ် လက်နက်ကြီးကျည်စ ထိမှန်သွားသလို ဒေါ်ဦးဝင်းသာ ကတော့ ညာဘက်ဒူး ထိသွားတယ်။ လက်နက်ကြီးတွေနဲ့ နေ့ရော၊ ညပါ ပစ်နေတာ။ ဒီနေ့မနက်လည်း ပစ်နေတုန်းပဲ။ စစ်တွေအခြေစိုက် ၁၂ ရဲတပ်ရင်းကပစ်တယ်လို့ သိရတယ်”

ဒီကနေ့မနက် ပေါက်တောမြို့နယ်၊ တောင်းဖူးရွာအနီး တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ရခိုင်ပြည်နယ်၊ စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာလ ၁၃ ရက်မှာတော့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေရ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်အထိ ရခိုင်ပြည်နယ်မှာ အရပ်သား ၄၈ ဦးသေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။