ချီဖွေမှာ မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူတွေ သုံးဆယ်ကျော် ပြန်မလွတ်သေး

RFA Burmese
2024.02.20
ချီဖွေမှာ မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်သူတွေ သုံးဆယ်ကျော် ပြန်မလွတ်သေး ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာမှ မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲကျေးရွာက မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားသူတွေထဲ တချို့ပြန်လွတ်လာပေမယ့် ၃၃ ဦး ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာအနီး ဒေသခံတွေ သောက်သုံးရေယူတဲ့နေရာမှာ  KIA ခွင့်ပြုချက်နဲ့ မြေရှားသတ္တုတူးဖော်တဲ့အတွက် ဒေသခံတွေက ဖေဖော်ဝါရီလ ၅ ရက်ကစပြီး ကန့်ကွက်ဆန္ဒပြခဲ့တာပါ။

ဖေဖော်ဝါရီလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ဒေသခံ ၄၃ ဦးကို KIA က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံ ဆယ်ဦးကို ပြန်လွတ်ပေးခဲ့ပေမယ့် ကျန် ၃၃ ဦး ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆယ်ယောက်ကိုတော့ လွှတ်တယ်။ အယောက် ၃၃ ယောက် ကျန်သေးတယ်။  မြေရှားသတ္တုလည်း တူးဖော်နေဆဲဖြစ်တယ်။ လွှတ်ပေးတဲ့ သူတွေကိုလည်း နောက်ကန့်ကွက်တဲ့အပိုင်းမှာ ဘယ်တော့မှ ပါဝင်လို့မရတော့ဘူးလို့ လက်မှတ်ထိုးခိုင်းပြီးလွှတ်ပေးတာ”

မြေရှားသတ္တုမတူးဖော်ဖို့  ဖရဲကျေးရွာဒေသခံတွေက KIA ကို စာနဲ့ အကြိမ်ကြိမ်တင်ပြခဲ့သလို ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ပေမယ့် ခုချိန်အထိ ဆက်လက်တူးဖော်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကတော့ ဆန္ဒပြကြတဲ့အကြောင်းအရင်းကိုသိရဖို့ တစ်ယောက်ချင်းစီကို မေးမြန်းနေပြီး စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဖရဲကျေးရွာမှာ လူဦးရေတစ်ထောင်ကျော် နေထိုင်ပါတယ်။ အဲဒီရွာအနီးမှာ၂၀၂၃ စင်တင်ဘာလမှာ မြေရှားသတ္တု တူးဖော်မှုတွေစတင်ခဲ့ပြီး သတ္တုလုပ်ကွက်ငါးခုအထိ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်အကောက်အခွန်ဌာန (china custom) ရဲ့  ထုတ်ပြန်ချက်အရ  ၂၀၂၃ ခုနှစ်အတွင်း   မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် ၁ ဒသမ ၄ ဘီလီယံရှိပါတယ်။ 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။