ကိုးကန့်လို့ယူဆရသူ လက်နက်ကိုင်များ တရုတ်-မြန်မာ နယ်စပ်မှာ လှုပ်ရှား
2016.08.07

တရုတ်-မြန်မာ နယ်စပ် ဆဒုံး-ကန်ပိုင်တီ-လိုင်ဇာ ဒေသ ကေအိုင်အေထိန်းချုပ်နယ်မြေ လုဟောင် စစ်ဘေး ဒုက္ခသည်စခန်း အနီးတစ်ဝိုက်မှာ ကိုးကန့်လို့ယူဆရသူ တရုတ်စကားပြောတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းရောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်က လက်နက်ကိုင်အဖွဲ့မှန်း မသိရလို့ ဆဒုံးနဲ့ ကန်ပိုက်တီဒေသခံတွေက ပူပင်စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ဆဒုံးမြို့ခံတစ်ယောက်က ပြောပါတယ်။
"သူတို့က တရုတ်စကားပဲ ပြောကြတယ်တဲ့၊ အသားဖြူကြတယ်တဲ့၊ အခုလောလောဆယ် KIA ဧရိယာထဲ မှာ၊ ကိုးကန့်စစ်သားလိုပဲပြောတယ်၊ ကိုးကန့်စစ်သားဆိုလို့ ကျနော်တို့သိသလောက်တော့ MNDAA ပဲ ဖြစ်ဖို့များတယ်ပေါ့၊ တကယ်လို့ တခြားလက်နက်ကိုင်အဖွဲ့ဖြစ်မယ်ဆိုရင်တော့ KIA နဲ့ တိုက်ပွဲဖြစ်မှာ လုံးဝသေချာတယ်လေ၊ နောက်ပိုင်းကျတော့ ဒီမှာကျနော်တို့ နည်းနည်းပြန်စုံစမ်းကြည့်တော့ ကိုးကန့်ဖြစ်နေတာ သိရတယ်၊ လူအင်အားက အစကထောင်ပိုင်းလို့ပြောရမယ်၊ နောက်ပိုင်းမှာ ကျနော်တို့ အတည်ပြုနိုင်တာ လူ ၁ဝဝ ကျော်လို့တော့ အတည်ပြုနိုင်တယ်၊ အစောပိုင်းဆိုရင် အတော်လေးကို စိုးရိမ်ကြတာ၊ ဒီလိုအခြေအနေမှာ ဒီလိုလက်နက်ကိုင်အဖွဲ့ တစိမ်းအဖွဲ့ရောက်လာ တယ်ဆိုတာမျိုးကျတော့ ကျနော်တို့ ပြည်သူလူထုတွေစိတ်ထဲမှာ နယ်မြေဒေသ ငြိမ်းချမ်းရေးကို တစ်ခုခုများဖြစ်မလားဆိုပြီး စိုးရိမ်ကြတာရှိကြတာပေါ့"
တရုတ်စကားပြော လက်နက်ကိုင်အဖွဲ့ ရောက်ရှိလှုပ်ရှားနေတဲ့နေရာဟာ ဆဒုံးမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၃ဝ ကျော်အကွာ နယ်ခြားမှတ်တိုင် အမှတ် ၆ ကန်ပိုက်တီနဲ့ လိုင်ဇာကြားက တရုတ် မြန်မာ နယ်စပ်မျဉ်းပေါ်မှာရှိတဲ့ လုဟောင် ဒုက္ခသည်စခန်းအနီးမှာဖြစ်ပါတယ်။
အဲ့ဒီလိုရောက်ရှိနေတာကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်မှာ ဒေသခံတွေက သိရှိတာဖြစ်ပြီး၊ ကေအိုင်အေ တပ်ရင်း ၃ ရဲ့ ရှေ့တန်းစခန်းတွေအနီးနဲ့ တစ်ဖက်မှာလည်း အမှတ် ၁ဝဝ၃ နယ်ခြားစောင့်တပ် BGF ရဲ့ ရှေ့တန်းစခန်းတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ဆဒုံးမြို့တစ်ဝိုက်မှာ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေဟာ လက်နက်အပြည့်အစုံနဲ့ ပုံမှန်ထက်ပိုပြီး ကင်းလှည့်လုံခြုံရေးတွေဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနောက်ဘက်က ချောင်းဆုံရွှေမှော် ရွာတစ်ဝိုက်မှာ အစိုးရတပ်မတော်က နယ်မြေရှင်းလင်းဆောင်ရွက်ချိန်မှာ တရားမဝင် ရွှေတူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၁၆ ဦးကို စက်ယန္တရားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့ကို RFA က ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။