တရုတ်စီမံကိန်း ဆယ်ခုကို EAO နဲ့ PDF တွေ ထိန်းချုပ်ထား
2024.08.20

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာ တရုတ်စီမံကိန်း ဆယ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အ၀ထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒါဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်ဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၉ ခုထဲက တစ်ဝက်နီးပါးကို ထိန်းချုပ်ထားနိုင်တာလို့လည်း ဆိုပါတယ်။
ထိန်းချုပ်ထားနိုင်တဲ့ စီမံကိန်းတွေကတော့ မူဆယ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ ကွမ်းလုံဆည်၊ ကွမ်းလုံတံတား၊ ချင်းရွှေဟော် နယ်စပ်စီးပွားရေးကုန်သွယ်မှုဇုန်၊ နောင်ဖဆည်၊ လန်ချန်း-မဲခေါင် သဘာ၀ဘေး ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံနဲ့ စင်တာ၊ ဂုတ်ထိပ်တံတားနဲ့ လမ်းသစ်စီမံကိန်း၊ ဆင်းရွှေလီ-၂ သကြား စက်ရုံ၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ တကောင်းနီကယ်စက်ရုံတို့ ဖြစ်ပါတယ်။
ဒီစီမံကိန်းတွေထဲက ခုနစ်ခုကို EAOs တွေက အပြည့်အ၀ထိန်းချုပ်ထားတာဖြစ်ပြီး သုံးခုကိုတော့ EAOs တွေနဲ့ PDFs တွေ သိမ်းယူထားနိုင်တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်စင်္ကြံသစ် (ILSTC) နဲ့ မူဆယ်- မန္တလေး ရထားလမ်း အပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထား တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကတော့ မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ်ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ သဘောတူညီမှုရခဲ့တယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိဟာ ဩဂုတ်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဒုတိအကြိမ်မြောက် အလည်အပတ်ရောက်ရှိလာခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် အငြိမ်းစား စစ်ဗိုလ်ချုပ်တွေနဲ့ပါ တွေ့ဆုံပြီး မြန်မာ့အရေးနဲ့ တရုတ်စီမံကိန်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။