ပခုက္ကူမှာ တရုတ်နိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရ
2023.01.27

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားနှစ်ဦးကို ဇန်နဝါရီလ ၂၆ ရက် မနေ့မနက် ၈ နာရီခန့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတရုတ်နိုင်ငံသားနှစ်ဦးကို ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ပခုက္ကူ အခြေစိုက် PDF အဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အခုဖြေရှင်းနေပါတယ်။ ပကဖ နဲ့ဆက်သွယ်ပြီး ကျနော်ပြန်ပြောပါမယ်။ အကြောင်းအရင်းနဲ့ အဖွဲ့အစည်း နာမည်မသိရသေးပါဘူး။ လိုက်ဖြေရှင်းနေတုန်းပါပဲ"
အဲဒီ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ပခုက္ကူ - ရေစကြို ကားလမ်းပေါ်မှာ တည်ရှိတာပါ။
ရေစကြိုမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း အဲဒီတရုတ်နိုင်ငံသား နှစ်ဦးကို မနေ့ မနက်ပိုင်းက လက်နက်ကိုင်ထားတဲ့ လူငါးဦးက စက်ရုံကို လာရောက်ဖမ်းဆီးသွား တာလို့ RFA ကို ပြောပါတယ်။
“မနေ့က မနက်ပိုင်းကပေါ့ဗျာ။ အထည်ချုပ်စက်ရုံထဲကို ဝင်ပြီးတော့ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက ဖမ်းတယ်လို့တော့ သိရတယ်။ သူတို့ဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိသေးဘူး။ ဖမ်းတယ်ဆိုတာတော့ ဘာအကြောင်းကြောင့်ဆိုတာ မသိရသေးပေမယ့် အရပ်ထဲမှာတော့ ငွေကြောင့်လို့တော့ ပြောနေကြတယ်”
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ စီစီတီဗီမှတ်တမ်းတစ်ခုမှာလည်း အမည်မသိလူငါးဦးထဲက လက်နက်ကိုင်ထားတဲ့ အမျိုးသားသုံးဦးဟာ စက်ရုံအတွင်းဝင်ရောက်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားတာ တွေ့ရပါတယ်။ အပြင်မှာ စောင့်ကြည့်ပေးတဲ့ လက်နက်ကိုင်အမျိုးသားနှစ်ဦးလည်း စက်ရုံအရှေ့မှာရှိနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ထိုးကြိတ်နေတာတွေ့ရပါတယ်။
အဲဒီနောက် အင်္ကျီအဖြူဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်နက်ကိုင် ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသူတွေက ကားပေါ်ကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
People Media ရဲ့ တယ်လီဂရန် လူမှုကွန်ရက် စာမျက်နှာမှာတော့ ဖမ်းဆီးခံရသူနှစ်ဦးထဲက တရုတ်နိုင်ငံသားရဲ့ အမည်ဟာ RAO. MINGCHUN ဖြစ်ပြီး တရုတ်နိုင်ငံသူရဲ့ အမည်ကတော့ GU. ZHENZHEN ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။