မြန်မာပြန် တရုတ်နိုင်ငံသားအချို့ ကိုဗစ်ကူးစက်ခံထားရ
2021.07.20
မြန်မာနိုင်ငံနဲ့ကပ်လျက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ COVID-19 အတည်ပြုလူနာသစ်တွေ မနေ့က စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီလူနာတွေအားလုံးဟာ မြန်မာနိုင်ငံကနေ မကြာသေးခင်ကပဲ ပြန်လာခဲ့ကြတဲ့ တရုတ် နိုင်ငံသားတွေဖြစ်တယ်လို့ Reuters သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံမှာ အတည်ပြုလူနာသစ် ၆၅ ယောက်ရှိခဲ့ပြီး အဲဒီအထဲက ၄၁ ယောက် ဟာ ယူနန်ပြည်နယ်မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်နေလို့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားပါတယ်။ နယ်စပ်အဝင်အထွက်တွေကိုလည်း တင်းကျပ် ထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ငါးထောင့်နှစ်ရာနီးပါးရှိပြီး သေဆုံး သူက ၂၈၁ ယောက်ရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တစ်ခုထဲမှာတင် ကိုဗစ်ကြောင့်သေဆုံးသူ အခုရက်ပိုင်းတွေမှာ နေ့စဉ် ငါးရာထက်မနည်း ရှိနေတယ် လို့ ကျန်းမာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။