သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို သက်ဆိုင်ရာထံ လွှဲပြောင်း


2015.01.07
logging-305.jpg ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက သစ်ခိုးထုတ်တဲ့ နေရာ တစ်ခုကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ တရားမဝင် သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်နဲ့ ဖမ်းဆီးရမိတဲ့ယာဉ်တွေ၊ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေထံ လွဲှပြောင်းပေး လိုက်တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အဆင့်မြင့်အရာရှိတစ်ဦးက ဒီနေ့ ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေတွေအတိုင်း အရေးယူနိုင်ဖို့ လွဲှပြောင်းပေး လိုက်တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"ကားမျိုးစုံပေါ့ဗျာ၊ လူကတော့ မြန်မာနဲ့ တရုတ်ပေါင်းရင်တော့ အားလုံး ၁၃ဝ ကျော်ပေါ့၊ အများဆုံးကတော့ တရုတ်နိုင်ငံသားတွေပေါ့၊ တရားမဝင် ဝင်လာတာဖြစ်တဲ့အတွက် သက်ဆိုင်ရာ လူဝန်မှုအက်ဥပဒေတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို လွှဲလိုက်တယ်၊ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် စစ်ဆင်ရေးနယ်မြေဖြစ်တဲ့အတွက် ဒါတွေကို သက်သေနဲ့ ဖမ်းဆီးလိုက်တာပါ"

ဝိုင်းမော်မြို့နယ်အတွင်းက ဝါးရှောင်၊ မန်ဝိန်း၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး စတဲ့ဒေသမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့စဉ် တရားမဝင်သစ်ခိုးထုတ်နေသူတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖဲ့ွက စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ်နဲ့ သစ်ထုတ်လုပ်ခွင့်ပြုထားတဲ့ စာရွက်စာတမ်းတွေကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကေအိုင်အို နည်းပညာအထောက်အကူပြု အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက KIO က ဖြတ်သန်းသွားတဲ့အခွန်ကို ကောက်တာဖြစ်တယ်လို့ ပြောပါတယ်။

"ကချင်ပြည်နယ်မှာ သဘာဝသယံဇာတအပေါ် အခြေခံပြီးတော့လုပ်တဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို စစ်ရေးအရ သူတို့က အဲ့လိုရှင်းလင်းရေးတွေ လိုက်လုပ်တာပဲ၊ အရင်တုန်းက ကိစ္စတုန်းကလည်း ကျနော်တို့ စုံစမ်းကြည့်တဲ့အခါကျတော့ အစိုးရခွင့်ပြုချက်နဲ့လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ပဲ နယ်စပ်က သစ်လုပ်ငန်းပိုင်ရှင်တွေ ပူးပေါင်းပြီးတော့ လုပ်နေကြတာလေ၊ ကျနော်တို့ ကေအိုင်အိုကတော့ ဖြတ်သန်းသွားလာခွင့်အခွန်ကောက်တယ်၊ ဒီလောက်ပဲရှိတယ်"

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသားတွေထဲက ၄၀ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ဆေးပြီး မြစ်ကြီးနား အကျဉ်းထောင်ကို ပို့မှာဖြစ်ကြောင်းနဲ့ ၅၃ ဦးကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှူးက ဆိုပါတယ်။

သစ်ခိုးထုတ်ရာမှာ ဖမ်းဆီးမိသူတွေထဲမှာ တရုတ်နိုင်ငံသားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။