တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကျော်အထိမြင့်တက်
2024.05.30
မြန်မာ-တရုတ်နယ်စပ်မှာ မေလ ၃၀ ရက် ဒီနေ့မနက်ပေါက်ဈေးအရ တရုတ်ယွမ်ငွေတစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းတစ်ထောင်ကျော်အထိ ဈေးမြင့်တက်လာတယ်လို့ နယ်စပ်ဒေသမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
မြန်မာဘက်က ပို့ကုန်တွေ တရုတ်ဘက် တင်ပို့မှုနည်းနေတာနဲ့ ငွေကြေးဈေးကစားတဲ့သူတွေရှိနေတာကြောင့် တရုတ်ယွမ်ငွေ ဈေးနှုန်းဆက်တိုက်မြင့်တက်လာတာလို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကုန်သည်အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်က ငါးသောင်းလောက်ပဲရှိတာ။ အခုရက်ပိုင်းပဲ ဆက်တိုက်တက်လာတာ ခြောက်သောင်းကျော်အထိ ဖြစ်သွားတယ်။ အဓိက တရုတ်ဘက်ကို ကုန်ပို့မရတာနဲ့ ငွေကြေးကစားတဲ့သူတွေကြောင့်လည်းပါတယ်”
တရုတ်-မြန်မာနယ်စပ်က ယွမ်ငွေအဓိကအသုံးပြုတဲ့ မိုင်းလား၊ ပန်ဆန်းနဲ့ ချင်ရွှေဟော် ဒေသတွေမှာလည်း တရုတ်ယွမ်ငွေ တစ်ရာကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ ခြောက်သောင်းငါးထောင်ကြားဈေး ပေါက်နေတယ်လို့ တရုတ်နယ်စပ်က ယွမ်ငွေအရောင်းအဝယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။
“အခုယွမ်ဈေးက ခြောက်သောင်းကျော် အထက်မှာပဲ။ ပေါက်ဈေးဆိုတာထက် ပါးစပ်မှာရှိတဲ့ဈေးကို ပြောနေသလိုပဲ။ ယွမ်ရောင်းတဲ့သူထက် ဝယ်တဲ့သူပဲများတယ်။ ဒါလည်းရောင်းတဲ့သူ မရှိပါဘူး”
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရုတ်ယွမ်တစ်ရာကို မြန်မာကျပ်ငွေ နှစ်သောင်းဝန်းကျင်သာရှိခဲ့ရာကနေ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကျပ်ငွေခြောက်သောင်းကျော်အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးနှုန်းနဲ့ အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။