ရေပိုင်နက်တင်းမာမှု မြန်မာ လျှော့ ချနိုင်ခဲ့ကြောင်း ဝန်ကြီး ဦးရဲထွဋ် ပြော
2014.11.25

ပြီးခဲ့တဲ့ အာဆီယံ ဆွေးနွေးပွဲအတွင်း တောင်တရုတ် ပင်လယ်ပြင်ရေပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး၊ ဒေသတွင်း တင်းမာမှုတွေ လျော့ပါး သွားအောင် မြန်မာနိုင်ငံက အလှည့်ကျ အာဆီယံ ဥက္ကဌအနေနဲ့ အဓိကအခန်းက ပါဝင်ဆောင်ရွက်နိုင်ခဲ့ တယ်လို့ ပြန်ကြားရေးဌာန ဝန်ကြီး ဦးရဲထွဋ် က ပြောဆိုကြောင်း Channel News Asia သတင်း ကဖေါ်ပြပါတယ်။
ဝန်ကြီး ဦးရဲထွဋ်က မြန်မာနိုင်ငံ အာဆီယံဥက္ကဌအဖြစ် တာဝန်ယူစဉ်အတွင်းဒေသတွင်းမှာ အလွန်တရာ ထိလွယ်ရှလွယ်အဖြစ်ဆုံး ပြဿနာကို နှစ်ဖက် သဘောတူညီချက်ရရှိအောင် ကိုင်တွယ်ဖြေရှင်းနိုင် ခဲ့ကြောင်း၊ အခုဆိုရင် DOC ခေါ် တောင်တရုတ် ပင်လယ်တွင်းနိုင်ငံများ လိုက်နာစောင့်ထိန်းရမယ့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်ကို အပြည့်အဝ အကောင်အထည်ဖော်သွားရေးနဲ့ COC ခေါ် တောင် တရုတ် ပင်လယ် နိုင်ငံများလိုက်နာရမယ့် လုပ်ထုံးလုပ်နည်းများပေါ်ထွက်ရေး လုပ်ငန်းတွေပြီးစီးအောင် ဆောင်ရွက် ဖို့ တရုတ်အစိုးရကတောင် သဘောတူထားပြီဖြစ်ကြောင်း Channel News Asia သတင်းကို ပြောကြားခဲ့ပါတယ်။
ဒီအတွင်း တောင်တရုတ် ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းစုတွေအနီး ပင်လယ်လိပ် ဖမ်းဆီးမှုနဲ့ ဖိလစ်ပိုင် ကထိန်းသိမ်းထားတဲ့ တရုတ်ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးဖို့ တရုတ်အစိုးရက တောင်းဆိုနေသလို၊ ကျွန်းအတုတွေ တည်ဆောက်နေတဲ့ တရုတ်ကိုလည်း ကျန်တဲ့နိုင်ငံတွေက ကန့်ကွက်နေကြပါတယ်။