မြန်မာပို့ကုန်တွေကို တရုတ်က ကန့်သတ်လို့ ကုန်သည်တွေ အခက်ကြုံ

2022.03.23
မြန်မာပို့ကုန်တွေကို တရုတ်က ကန့်သတ်လို့ ကုန်သည်တွေ အခက်ကြုံ မူဆယ်မြို့နယ်က ကျင်ဆန်းကျော့ဂိတ်မှာ ရောက်ရှိနေတဲ့ ကုန်တင်ယာဉ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
Photo: CJ

မြန်မာ-တရုတ် နယ်စပ် မူဆယ် - ဝမ်တိန် ဂိတ်ကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ဆန် အပါအဝင် ပို့ကုန် ခုနစ်မျိုး ကို မတ်လ ၁၅ ရက်နေ့ကစပြီး တင်ပို့မှု ယာယီကန့်သတ် ထားတယ်လို့ နယ်စပ်ကုန်သည်တွေက RFA ကို ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးအဖွဲ့က ကိုဗစ်ထိန်းချုပ်ဖို့ အခုလို ကန့်သတ်တာဆိုပြီး မြန်မာကုန်သည်တွေကို မတ်လ ၁၄ ရက်နေ့က အကြောင်း ကြားလာတာလို့ ဆိုပါတယ်။

ကန့်သတ်ခံရတဲ့ ကုန်စည်ခုနစ်မျိုးထဲမှာ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်းအပြင် အအေးခန်းစနစ်နဲ့ သယ်ဆောင်ရတဲ့ ကုန်စည်၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနဲ့ စားသုံးကုန်တွေ ပါဝင်ပါတယ်။

ဒီကန့်သတ်ချက်ကို ဘယ်တော့ ပြန်ရုပ်သိမ်းမယ်ဆိုတာ တရုတ်နိုင်ငံရဲ့ အကြောင်းကြားစာ ထဲမှာ မပါတာကြောင့် ကုန်သည်တွေအတွက် ပိုမို ခက်ခဲသွားစေတယ်လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် အထွေထွေအတွင်းရေးမှူး ကိုသန်းဗိုလ်ဦးက ပြောပါတယ်။

“နဂိုကတည်းကမှ ဒီနယ်စပ်က စရိတ်စက တအားမြင့်တာနဲ့ လုပ်ရကိုင်ရတာ စနစ် အပြောင်းအလဲ တွေကြားမှာ တရုတ်ဘက်ကလည်း ဒီလိုမျိုးထပ်လုပ်လိုက်တော့ သွားရတာ အတော် အခက်အခဲ ဖြစ်နေတာပေါ့။ အခုလည်း ခပ်များများက ဟိုအရင်က လက်ကျန်တွေပဲ သွားတာများနေတယ်။ အသစ်အနေနဲ့ ဘာမှ သွားတာ မရှိဘူး။ ကျနော်တို့ ဒီဘက်ကလည်း ဘော်ဒါထရိတ်သာ ပြောနေတာ နော်မယ်ထရိတ်နဲ့ သွားနေတယ်။ ပြီးတော့လည်း ဒေါ်လာ စနစ်ကနေ ယွမ်စနစ် ပြောင်းလိုက်ပြီဆိုတော့ စနစ်အပြောင်းအလဲ ဖြစ်တော့ ပုံမှန်လမ်းကြောင်း ပေါ် တော့ မရောက်သေးဘူးပေါ့နော်။ အခုက ဒီစနစ်အပြောင်းအလဲတွေကို လိုက်လုပ်နေတုန်း ရှိသေးတယ်။ ပြီးရင် ဒီဘက်မှာ စရိတ်စကအတော်များတယ်၊ နယ်စပ်ကနေ ပို့တဲ့ဈေးနှုန်းက အိုဗာဆီး ကနေပို့တဲ့ ဈေးနှုန်းထက် ပိုများတယ် စရိတ်ကလေ”

တရုတ်နိုင်ငံဘက်က ကန့်သတ်မှုတွေကြောင့် မူဆယ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှာ ဆန်အိတ်တင် ကားအစီးရေ ၇၀ ကျော် ရပ်တန့်ထားရပြီး တချို့က မူဆယ်နယ်စပ်က ဂိုဒေါင်တွေမှာ ပြန်ချထားရတယ်လို့ သူက ပြော ပါတယ်။

အချိန်မစောင့်နိုင်တဲ့ ကုန်သည်တွေနဲ့ စရိတ်မနိုင်တဲ့ ကုန်သည်တွေကတော့ တရုတ်ကို ပို့မယ့် ဆန်နဲ့ ဆန်ကွဲတွေကို မန္တလေးကို ပြန်သယ်သွားကြတာတွေလည်း ရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၁၉ အထိ နယ်စပ်ဂိတ်တွေကနေ တစ်နေ့ကို ဆန်နဲ့ ဆန်ကွဲအိတ်ရေ လေးသောင်းကနေ ခြောက်သောင်းအထိ တင်ပို့နိုင်ခဲ့ တယ်လို့ နယ်စပ် ဆန်ကုန်သည်တွေက ပြောပါတယ်။

၂၀၂၂ မတ်လ ၁၂ ရက်နေ့ တရုတ်ဘက်က ကုန်ပစ္စည်းတွေ မကန့်သတ်ခင်မှာတော့ ကိုဗစ် စည်းကမ်းသတ်မှတ် ချက်တွေကြောင့် ဆန်တန်ချိန် ငါးဆယ်ပါ ဆယ့်နှစ်ဘီးကား နှစ်စီး နဲ့ သုံးစီးပဲ တရုတ်နိုင်ငံထဲ တင်ပို့ နိုင်တော့တယ်လို့ ဆိုပါတယ်။

မြန်မာကုန်သည်တွေဘက်က ကိုဗစ်ကပ်ရောဂါထိန်းချုပ်ဖို့ ကုန်ပစ္စည်းတွေကို ကန့်သတ် တာမျိုး လက်မခံနိုင်ဘူးလို့ မြန်မာနိုင်ငံ ငါးရှဉ့်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးတိုင်းကျော်က ပြောပါတယ်။

“ငါးတွေမှာက သဘာဝကိုက ကိုဗစ် ၁၉ ရောဂါပိုးကို လက်ခံနိုင်တဲ့ ဗီဇမပါဘူး။ ငါးရှဥ့် ကျတော့ ကျနော်တို့က ရေနဲ့ လှယ်ရတာ။ ရေထဲမှာ ကျတော့လည်း ကိုဗစ် ၁၉ ပိုးက မရှင်သန်ဘူး။ ဒီအတိုင်းတော့ မကူးနိုင်ဘူး။ သို့သော် ဘယ်က ကူးနိုင်လဲဆိုတော့ ရေထွက်ပစ္စည်းရောပဲ၊ ပြောင်း၊ နှမ်းတွေရောက ထုပ်ပိုးပစ္စည်းတွေမှာ ရောဂါရှိတဲ့ လက်နဲ့ ကိုင်ထားတာမျိုးပေါ့၊ အဲဒါမျိုးကနေတော့ ကူးနိုင်တယ်။ သူတို့က ဟိုတလော ကလည်း ရေထွက်မှာ အဲလို တစ်ခုတွေ့ တယ်လို့ ပြောတယ်။ ကျနော်တို့ဆီကသွားတဲ့ ဖော့ပုံးဆိုလည်း ဖော့ပုံးပေါ့ဗျာ။ အဲဒါတွေရဲ့ အပေါ်ကို သူတို့က လိုက်တို့ပြီးတောမှ ပြန်စမ်းတော့ တွေ့တယ်လို့ ပြောတယ်။ အဲလိုမျိုး ပေါ့နော်။ ဆန်မှာလည်း အဲလိုမျိုးပဲ။ လုပ်သားတွေမှာ ရှိနေလို့ ပိုးကပ်ပါသွားတာလားပေါ့ဗျာ။ ဒီလိုမျိုးတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ အတော်လေးနည်းပါတယ်”

ရေထွက်ကုန်ပစ္စည်းနဲ့ အေးခဲကုန်စည်တွေအပေါ် ကုန်းလမ်းက တင်ပို့မှုကို ကန့်သတ် ထားတာကြောင့် ကုန်ကျ စရိတ်များတဲ့ လေကြောင်းလိုင်းတွေကနေတစ်ဆင့် တရုတ် နိုင်ငံကို တိုက်ရိုက်တင်ပို့နေကြရတယ်လို့ ဦးတိုင်းကျော်က ပြောပါတယ်။

ဒီလို တင်ပို့ရတာကလည်း တရုတ်နိုင်ငံဘက်က ချမှတ်ထားတဲ့ အလုပ်ရုံအတွင်း ကိုဗစ်ဆိုင်ရာ စည်းမျဉ်းတွေကို အတိအကျ လိုက်နာရသလို လေယာဉ်ပေါ်မှာ တင်ဆောင်နိုင်မှု ကန့်သတ် ချက်တွေကြောင့် အရင်ကလို အဆင်မပြေကြဘူးလို့လည်း ဆိုပါတယ်။

"နယ်စပ်ကနေ ပို့တဲ့ဈေးနှုန်းက အိုဗာဆီး ကနေပို့တဲ့ ဈေးနှုန်းထက် ပိုများတယ်"

မြန်မာနယ်စပ် ကုန်သည်တွေ အခုလို မကြာခဏ ကန့်သတ်မှုတွေနဲ့ ကြုံနေရတာဟာ တရုတ်နိုင်ငံရဲ့ မတည်ငြိမ်တဲ့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး မူဝါဒကြောင့်ဖြစ်တယ်လို့ မူဆယ်နယ်စပ် ပြောင်းကုန်သည် ခွန်မင်းသန့်က ဝေဖန်ပါတယ်။

“တရုတ်မှာကျတော့ ဗဟိုအစိုးရခေါ်တာပေါ့နော်။ ဗဟိုအစိုးရဆိုတာ ဘေကျင်းကို ပြောတာပေါ့။ ကိုဗစ်နဲ့ ပတ်သက်ရင် နောက်ပိုင်းမှာ ပြည်နယ်အစိုးရကိုပဲ သူက ယူနန် ပြည်နယ်ဆိုရင် ယူနန် ပြည်နယ် အစိုးရကိုပဲ လုပ်ပိုင်ခွင့် ပေးလိုက်တာ။ အဲဒီမှာ ကိုဗစ် ဥပဒေအရ ဘာဖြစ်လဲဆိုတော့ ယူနန်ပြည်နယ်ဆို တစ်မျိုးဖြစ်မယ်၊ ကွမ်ရှီးပြည်နယ်ဆို တစ်မျိုးဖြစ်မယ်။ စီချွမ်းပြည်နယ်ဆို တစ်မျိုးဖြစ်လာတာ။ အဲဒီမှာ မြို့တော်ဝန်တွေမှာ သွားစကားပြောတာ။ မြို့တော်ဝန် တွေကလည်း ရွှေလီမှာကို ကိုဗစ်နဲ့ ပတ်သက်ရင် နှစ်ယောက်လောက်ရှိပြီ ပြုတ်သွားတာလေ။ ဒါကြောင့် ကိုဗစ်ပိုး တစ်ယောက်၊ နှစ်ယောက်လောက် တွေ့တာနဲ့ ခေါင်းစဉ်တွေအမျိုးမျိုး ပြပြီး လော့ခ်ဒေါင်းတွေ ပိတ်ချတာ။ နစ်နာဆုံးရှုံးမှုကတော့ ဆက်တိုက်ဖြစ်နေမှာပဲ။ ငွေရေးကြေးရေး၊ လုပ်သား၊ အချိန် ဒါတွေကတော့ ဆုံးရှုံးမှုကတော့ ဖြစ်နေမှာပဲလေ။ ဘာလို့လဲဆိုတော့ မြန်မာ ပြည်စနစ်မှာ သူသွားနေတဲ့ ပုံစံက ရောင်းသူဈေးကွက်မဟုတ်ဘူးလေ၊ ဝယ်သူဈေးကွက် ဖြစ်နေတာကိုး”

ရောင်းသူ ဝယ်သူ မျှတမှုရှိမှ ကုန်သွယ်ရေး မျှတမှုရှိမှာဖြစ်ပေမယ့် လက်ရှိ တရုတ်နယ်စပ် မှာတော့ ဝယ်သူဖြစ် တဲ့ တရုတ်နိုင်ငံဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ဈေးကွက်ကို ထိန်းချုပ်ထားတဲ့ သဘောဖြစ်နေပြီး မြန်မာကုန်သည်တွေအနေနဲ့ တရုတ်နိုင်ငံက ပြုသမျှ နုနေရတဲ့အခြေအနေ ရောက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ လားရင်းဒေသမှာလည်း ကိုဗစ်ရောဂါကြောင့်ဆိုပြီး ကချင်ပြည်နယ်က လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းကိုလည်း မတ်လ ၁၈ ရက်ကစလို့ တရုတ် အာဏာပိုင်တွေဘက်က ပိတ်ထားလို့ မြန်မာဘက်က ကုန်တင်ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ ကုန်ကား ပိုင်ရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်အကြောင်းပြချက်နဲ့ ၂၀၂၁ ဇူလိုင်ကနေ နိုဝင်ဘာလအထိ မြန်မာ-တရုတ် နယ်စပ် ဂိတ်တွေ အားလုံးကို ပိတ်ခဲ့ပါတယ်။

နိုဝင်ဘာလ အကုန်မှာတော့ မူဆယ်-ကျင်စန်းကျော့၊ ကိုးကန့်ဒေသ ချင်းရွှေဟော်ဂိတ်နဲ့ ကချင်နယ်စပ်ဂိတ်တွေမှာ နှစ်နိုင်ငံကြားခံ ကုန်ဖလှယ်ရေး ဇုန်တစ်ခုသတ်မှတ်ပြီး ကုန်ပစ္စည်းဖလှယ်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

china-border gate
တရုတ်- မြန်မာ လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို တွေ့ရစဥ် (Photo: Chinese Embassy in Myanmar)

ဒါပေမဲ့ ကြားခံ သယ်ဆောင်ပေးတဲ့ ကုန်ကားတွေ ရှားပါးတာအပြင် ကိုဗစ်ထိန်းချုပ်ရေး စည်းမျဉ်း တင်းကျပ်မှု တွေကြောင့် တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့ဖို့ ဆယ်ရက်ကျော် အထိ အချိန် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် တာရှည်မခံတဲ့ ကုန်ပစ္စည်းတွေ လမ်းမှာ ပျက်စီးကုန်လို့ ကုန်သည်အများစု အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

နောက်အခက်အခဲ တစ်ခုကတော့ တရုတ်အကောက်ခွန်စနစ် ပြောင်းလဲမှုမှာ ပို့ကုန် အတွက် ကုန်ကျငွေ ကျပ်သိန်းပေါင်း ရာနဲ့ချီ ဖြစ်လာတဲ့အတွက် ယခင်ရှိပြီးသား မပို့မဖြစ် ကုန်ပစ္စည်း တွေကိုပဲ တင်ပို့နေကြရတာလို့ ကုန်သည်တွေက ပြောပါတယ်။

ဒီလို တင်ပို့ရာမှာလည်း ရောဂါပိုးတွေ့သူ ထပ်များလာရင် တရုတ်ဘက်က နယ်စပ် ကုန်သွယ်ရေး ဂိတ်အချို့ကို ရက်ကန့်သတ်ပြီး ပိတ်တာတွေ လုပ်တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ဂိတ်ပြန် ဖွင့်ချိန်ကနေ အခုနှစ် မတ်လအထိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဟာ တည်ငြိမ်မှုမရှိသေးဘဲ ဖြစ်နေတာလို့ ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ အခုလို မြန်မာကုန်စည်တွေကို ပိတ်လိုက် တာဟာ သဘာဝမကျသလို ပြန်လည် ဖွင့်လှစ်ပေးဖို့ အတွက်ကိုလည်း သံတမန် နည်းလမ်းနဲ့ပါ ညှိနှိုင်း ဆောင်ရွက် နေတယ်လို့ စီးပွားကူးသန်း ဝန်ကြီးဌာန ပြောခွင့်ရ လက်ထောက်အတွင်းဝန် ဦးသောင်းနိုင်က RFA ကို ပြောပါတယ်။

မြန်မာပို့ကုန်တွေ ပိတ်ပင်ခံရတဲ့ ကိစ္စအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းကနေ ကုန်သွယ်မှု တန်ဖိုးတွေ နှစ်စဉ် လျော့ကျ ခဲ့ရပါတယ်။ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန စားရင်းတွေအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ နယ်စပ် ကုန်သွယ်ရေး ကနေ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း ပေါင်း ၅၄၆၈. ၄၁၂ ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၁၂၆.၉၆၃ ပဲရှိခဲ့တဲ့အတွက် ယခင်နှစ်တွေထက် ကုန်သွယ်မှုပမာဏ ထက်ဝက် နီးပါး လျော့နည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။