မြေရှားသတ္တုတူးမယ့် KIO နယ်‌မြေ မံစီမြို့က တရုတ်ကုမ္ပဏီ ဖျက်ဆီးခံရ

RFA Burmese
2023.03.22
မြေရှားသတ္တုတူးမယ့် KIO နယ်‌မြေ မံစီမြို့က တရုတ်ကုမ္ပဏီ ဖျက်ဆီးခံရ မံစီမြို့နယ် အင်ဘာပါရွာအနီး မြေရှားသတ္တုတူးဖော်မည့် ကုမ္ပဏီ၏ တဲများအား ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဒေသခံများမှ ဖျက်ဆီးခဲ့စဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မံစီမြို့နယ် အင်ဘာပါရွာအနီးမှာ တရုတ်လူမျိုးတွေပါတဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေ မတ်လ ၂၁ ရက်နေ့မှာ သွားရောက်ဖျက်ဆီးခဲ့ ပါတယ်။

အဲဒီ‌နေရာမှာ မြေရှားသတ္တုမတူးဖို့ မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ဒေသခံ ၉၀၀ ကျော် သွားရောက်ညှိနှိုင်းခဲ့ပေမယ့် သဘောတူညီမှုမရလို့ ကုမ္ပဏီရဲ့တဲတွေကို ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က တစ်နေကုန် အဆင့်ဆင့် သွားညှိနှိုင်းတယ် မရဘူး။ ညနေ ၅ နာရီကျော် မှာတော့ တဲတွေဖျက်ဆီးပေးခဲ့ပြီး ပြန်လာခဲ့တယ်။ ကော်မတီတွေကတော့ ညှိနှိုင်းတာ အဆင်မပြေလို့ ပြည်သူလူထု အပ်လိုက်တာ။ အခုက ပြည်သူလူထုတွေ လုပ်သွားတာ”

အဲဒီ‌နေရာက ဒေသခံတွေဟာ သီးနှံစိုက်ပျိုးရေးကိုပဲ အဓိကထားလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတာမို့ မြေရှားသတ္တုသာ တူးဖော်ခဲ့ရင် အသက်ရှင်သန်ဖို့ အထိ ခက်ခဲသွားမှာကိုစိုးရိမ်လို့ ကန့်ကွက်ကြတာလို့ ဒေသခံက ဆိုပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကတည်းက အင်းဘာပါရွာနဲ့ ဒိန်ဆိန်းပါရွာက ကစ်သလစ် အသင်းတော်၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံ ၃၀၀ ကျော်စုပေါင်းပြီး မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ကုမ္ပဏီကို ကန့်ကွက်ဆန္ဒပြခဲ့ ကြတာပါ။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလည်း ဒေသခံတွေ ကုမ္ပဏီထံစာထပ်ပို့ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစ လုပ်ငန်းရပ်တန့်ပြီး အပြီးအပိုင်ထွက်သွားဖို့ အကြောင်းကြားခဲ့ပေမယ့် မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီမှာ တရုတ်လူမျိုးတွေ ပါဝင်နေတာကိုတော့ သိရပေမယ့် ကုမ္ပဏီရဲ့အမည် ကိုတော့ မသိကြဘူးလို့ ‌ဒေသခံတွေက ပြောကြပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် ကနဦး လာရောက်စမ်းသပ်မှု လုပ်ခဲ့ပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာတော့ စက်ပစ္စည်း အစုံအလင်နဲ့ ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ သူတို့ထိန်းချုပ်နယ်မြေ တွေမှာ မြေရှားသတ္တုတူးဖော်ခွင့်လက်မှတ် ထုတ်ပေးထားတာမရှိပေမယ့် စမ်းသပ်ခွင့် ကိုတော့ ပေးထားတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က RFA ကို‌ ဖြေဆိုထား ပါတယ်။

အလားတူ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဘက်မှာလည်း မြေရှားသတ္တုတူးဖော်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၃၈၇ သန်းသာရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၈၀၀ ကျော်နဲ့ ၂၀၂၂ ခုနှစ်မှာ သန်း ၆၀၀ ကျော်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။