အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေး မြန်မာနဲ့ ပိုပူးပေါင်းမယ်လို့ တရုတ် ပြော
2023.10.25

မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေး မြန်မာနဲ့ အခုထက်ပိုမို ပူးပေါင်းသွားမှာဖြစ်ကြောင်းနဲ့ မြန်မာမြောက်ပိုင်းဒေကနေ အွန်လိုင်းလိမ်လည်မှု ကျူးလွန်းတယ်လို့ သံသယရှိသူ ငါးထောင်နီးပါး လက်ခံရရှိတဲ့အပေါ် ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပြောပါတယ်။
တရုတ်သံအမတ်နဲ့ စစ်ကောင်စီ ပြည်ထဲဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့မှာ တွေ့ဆုံချိန် ပြောခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ဖို့ မြန်မာနဲ့ ပိုမိုပူးပေါင်းသွားမှာဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း တရုတ်သံအမတ်က ပြေားကြားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ဖို့အပြင် နှစ်နိုင်ငံပြည်သူတွေရဲ့ လုံခြုံရေး၊ အကျိုးစီးပွား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ပြောခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်မှုအတွက် သံသယရှိသူ ၄၆၆၆ ဦးကို လက်ခံရရှိကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနဘက်ကလည်း ထုတ်ဖော်ပြောဆိုထားတာပါ။
၂၀၂၃ ခုနှစ်၊ သြဂုတ်လကစပြီး မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်ရွှေဟော်နဲ့ UWSA ၀တပ်ဖွဲ့ထိန်းချုပ်တဲ့ဒေသတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။
ကိုးကန့်ဒေသ လောက်ကိုင်မြို့ကနေ တရားမဝင် တရုတ်နိုင်ငံသား ၃၇၇ ဦးကို တရုတ်နိုင်ငံဘက် လွှဲပြောင်းခဲ့ပြီး UWSA ဘက်ကလည်း တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ကို တရုတ်နိုင်ငံဘက် ဖမ်းဆီးပို့ဆောင်ခဲ့တာပါ။
တရုတ်ကလည်း ကိုးကန့်ဒေသလုပ်ငန်းရှင် ၁၁ ဦးနဲ့ ဝတပ်ဖွဲ့ထဲက ဒုစစ်ဦးစီချုပ်တစ်ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်နေပေမယ့် ဒီကိစ္စအပေါ် တရုတ်နိုင်ငံဘက်က တိတိကျကျထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်နဲ့တစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။