မိုင်းယွင်းက တရုတ်ငွေလိမ်ဂိုဏ်းကို “ဝ” တပ်ဖွဲ့ဖမ်းဆီး၊ မြန်မာလုပ်သား သုံးရာခန့်ပါ ဖမ်းဆီးခံထားရ

RFA Burmese
2023.10.16
မိုင်းယွင်းက တရုတ်ငွေလိမ်ဂိုဏ်းကို “ဝ” တပ်ဖွဲ့ဖမ်းဆီး၊ မြန်မာလုပ်သား သုံးရာခန့်ပါ ဖမ်းဆီးခံထားရ မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့စဉ်။
Weibo

UWSA “ဝ”တပ်ဖွဲ့ထိန်းချုပ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် မိုင်းယွင်းအုပ်စု ပိန်းခမ်းရွာက ငွေလိမ်ဂိုဏ်းတစ်ခုကို “ဝ” တပ်ဖွဲ့အာဏာပိုင်တွေ အခုလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲဒီအထဲ မြန်မာအလုပ်သမား သုံးရာခန့်ပါသွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကပြောပါတယ်။

အဖမ်းခံရတဲ့အထဲ ဆောက်လုပ်ရေးလုပ်ငန်းမှာ ထမင်းချက်နေတဲ့ အမျိုးသားဖြစ်သူပါသွားပြီး အဆက်အသွယ်မရ ဖြစ်နေတယ်လို့ အဖမ်းခံထားရသူရဲ့ ဇနီးဖြစ်သူက RFA ကိုပြောပါတယ်။

“ကျွန်မအမျိုးသားလည်း အဖမ်းခံရတဲ့အထဲ ပါသွားတယ်။ သူက ဆောက်လုပ်ရေးလုပ်ငန်းမှာ ထမင်းချက်တာရှင့်။ အဲဒီနေ့ကတည်းက ဘာမှ အဆက်အသွယ်မရဘူး။ ဘာသတင်းမှလည်း မကြားဘူး။ အဲဒီမှာက အဆောက်အအုံတွေ ဆောက်နေတာရှိတယ်။ သူကအဲမှာ အလုပ်သမားတွေအတွက် ထမင်းချက် အလုပ်လုပ်တာ တစ်နှစ်ကျော်ပြီ”

သူ့အမျိုးသားနဲ့သိတဲ့ တခြားဆောက်လုပ်ရေးလုပ်သားတွေလည်း အဖမ်းခံရတဲ့အထဲပါသွားပြီး အဆက်အသွယ် လုံးဝမရဘူးလို့ ဆိုပါတယ်။

အဲဒီနေရာမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိနေပြီး အဆောက်အအုံအသစ်တွေ ထပ်ဆောက်နေတာလို့ ဆိုပါတယ်။

“ဝ”တပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီးချိန်မှာ တရုတ်နိုင်ငံသား တစ်ရာဝန်းကျင်အပြင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း သုံးရာခန့်ကိုပါ ဖမ်းသွားတာလို့ ဖမ်းဆီးရခံသူတွေ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ကုန်ကားတွေနဲ့ တင်ခေါ်သွားတာဖြစ်ပြီး ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာရှိတဲ့ “ဝ” ဆက်ဆံရေး ရုံးတာဝန်ခံကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးမှုရှိတယ်ဆိုတဲ့ သတင်းကြားရပေမယ့် အတိအကျ မသိရသေးတာကြောင့် ဖြေဆိုလို့မရသေးကြောင်းသာ တုံ့ပြန်ပါတယ်။

ဒီရက်ပိုင်း “ဝ” ဒေသထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို “ဝ” အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးနေတာကြောင့် တရုတ်နိုင်ငံသားအများစု အခြားနေရာတွေကို တိမ်းရှောင်နေကြတယ်လို့ “ဝ” ဒေသမိုင်းပေါက်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“ဝ” တပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာပါဝင်တဲ့ တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းနေတာပါ။

စုစုပေါင်း “ဝ” နယ်စပ်ကနေ တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့တဲ့တရုတ်နိုင်ငံသား ၁,၃၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်တယ်လို့ ယူဆထားတဲ့ “ဝ”ပြည်နယ် ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့နှစ်ဦးကို အခုလ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ “ဝ”တပ်ဖွဲ့ဘက်က တုံ့ပြန်ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။